News

POST TAGGED AS

အာဖရိက

အာဖရိကနှင့် ဆက်ဆံရေးအားကောင်းရန် ဆီနီဂေါတွင် သမ္မတရှီကျင့်ဖျင် ကတိပြု


ဒါကာ၊ ဇူလိုင် ၂၂

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စနေနေ့က ဆီနီဂေါခရီးစဉ်တွင် အာဖရိကနှင့် စီးပွားရေးဆက်ဆံမှုများ အားကောင်းစေရန် ကတိပြုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

အာဖရိကတိုက်သည် သယံဇာတရင်းမြစ်များနှင့် အကြီးစားဆောက်လုပ်ရေး စီမံကိန်းများအတွက် အပြန်အလှန်အားဖြင့် တရုတ်ချေးငွေများကို ပေါပေါများများ ရရှိထားပြီးဖြစ်သည်။

သမ္မတရှီကျင့်ဖျင်သည် အာဖရိကခရီးစဉ်တွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးရန်အတွက် စနေနေ့က ဆီနီဂေါသို့ နှစ်ရက်ခရီးစဉ် ဝင်ရောက်ရပ်နားခဲ့ပြီး ထိုမှတစ်ဆင့် ရဝမ်ဒါ၊ ထို့နောက် ဘရာဇီးသို့ ဆက်လက်သွားရောက်ကာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကငါးနိုင်ငံ BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် အာဖရိကနှင့် ကုန်သွယ်ဆက်ဆံမှုကို အခြားမည်သည့် နိုင်ငံထက်မဆို ပိုမိုလုပ်ဆောင်လျက်ရှိသည်။

သမ္မတအဖြစ် ပထမဆုံးခရီးစဉ် ဖြစ်သော်လည်း ရှီကျင့်ဖျင်သည် အာဖရိကသို့ လေးခေါက်မြောက် ရောက်ရှိလာခြင်းဖြစ်ပြီး သုံးကြိမ်တွေ့ဆုံခဲ့ပြီး သူဆီနီဂေါသမ္မတ မက်ကီဆယ်လ်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“အာဖရိကကို လာတဲ့အခါတိုင်းမှာ ဒေသနဲ့ပြည်သူတွေရဲ့ တိုးတက်မှုအရွေ့ကို မြင်တွေ့နေရပါတယ်။ တရုတ်-အာဖရိက ဆက်ဆံရေးရဲ့ အနာဂတ်ကို ကျွန်တော်များစွာ ယုံကြည်စိတ်ချမှုရှိပါတယ်”ဟု ရှီကျင့်ဖျင်က ပြောကြားသည်။

အာဖရိကသည် တရုတ်နိုင်ငံ၏ ပေါများသောချေးငွေထောက်ပံ့မှု၊ စီမံခန့်ခွဲမှုတို့ဖြင့် လုပ်ဆောင်နေသောအခြေခံ အဆောက်အဦ စီမံကိန်းများကြောင့် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်နေသည်။

ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အရေးပါသောငွေကြေးရင်းမြစ်တစ်ခုဖြစ်သည်ဟု ထောက်ခံသူများက အမွှန်းတင်ထားကြသော ရပ်ဝန်းတစ်ခု၊ ပတ်လမ်းတစ်သွယ် စီမံကိန်းအတွက် တရုတ်နိုင်ငံက ဒေါ်လာ ၁၂၆ ဘီလီယံသုံးစွဲရန် ကတိပြုထားသည်။

ဆီနီဂေါတွင် မြို့တော်ဒါကာနှင့် ဒုတိယမြို့တော် တိုဘူကိုဆက်သွယ်သော အဝေးပြေးလမ်း တည်ဆောက်မှုကို တရုတ်ချေးငွေဖြင့် ထောက်ပံ့နေသည်။ တရုတ်နိုင်ငံက ၂၀၁၇ အတွင်းဆီနီဂေါတွင် ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆီနီဂေါဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်ဆွန်က ပြောကြားသည်။ 

F-04



FOLLOW US