News

POST TAGGED AS

အာဏာ

အကျပိုင်း ရောက်နေသော ဒီမိုကရေစီ
ဒီရေနိမ့်ကို အမေရိက ဘယ်လို ပြောင်းနိုင်မလဲ

စစ်အေးအပြီး ဆယ်စုနှစ်တွင် တစ်ကမ္ဘာလုံး၌ ဒီမိုကရေစီ လှိုင်းလုံးကြီး မကြုံစဖူး ပုတ်ခတ်လျက် ရှိသည်။ သို့သော် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ကင်ညာ၊ ရုရှား၊ ထိုင်းနှင့် တူရကီနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ဒီမိုကရေစီ ကြိုးပြတ်သွားတော့သည်။ တစ်ချိန်တည်းတွင် လူဦးရေနှင့် စီးပွားရေး ကြီးမားသည့် နိုင်ငံများတွင် ဒီမိုကရေစီ ယိမ်းယိုင်နေခြင်းမှာလည်း အနာဂတ်အတွက် မကောင်းလှပေ။ တစ်ဖန် တည်ဆဲအာဏာရှင် နိုင်ငံများတွင် ပြည်သူများ ပိုမိုဖိနှိပ်ခံလာရသလို ပွင့်လင်းမြင်သာမှုလည်း ကျဆင်းလျက်ရှိသည်။ အာဏာရှင် အစိုးရများက ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခံရသူများကို ထိန်းသိမ်းလျက် ရှိသလို စည်းကမ်းတင်းကျပ်မှုများ အွန်လိုင်းအတိုက်အခံများကို ဆင်ဆာပိတ်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် လွတ်လပ်စွာ စုဝေးခွင့်ကို ကန့်သတ်သည့် ဥပဒေပေါင်း ၉၀ ကျော်ကိုလည်း ၂၀၁၂  ခုနှစ်မှ စတင်ပြီး ကမ္ဘာတစ်ဝန်းရှိ အစိုးရများ ပြဋ္ဌာန်းလျက်ရှိသည်။

ဒီမိုကရေစီမှာ ဆွဲဆောင်မှု ကျလာခြင်းကြောင့်လည်း ပြဿနာ ပိုဆိုးလာရသည်။ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံ များစွာသည် နိုင်ငံသားများ၏ လွတ်လပ်မှု၊ လုံခြုံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသလို ကမ္ဘာပေါ်ရှိ အခိုင်အမာ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင်လည်း ဒီမိုကရေစီမှာ ချို့ယွင်းချက်များနှင့် ရင်ဆိုင်နေရသည်။ ဒီမိုကရေစီနိုင်ငံများ ပြဿနာများဖြင့် လုံးပန်းနေချိန်တွင် ကွန်မြူနစ် အာဏာရှင် တရုတ်နိုင်ငံမှာ ဆယ်စုနှစ်နှင့်ချီ စီးပွားရေး တိုးတက်နေခြင်းကြောင့် ကြွယ်ဝရန် နိုင်ငံရေးစနစ် ဖြေလျှော့ရန် မလိုကြောင်း သက်သေပြလျက်ရှိသည်။

သို့သော် လားရာအားလုံးမှာ အဆိုးသို့ ညွှန်ပြနေခြင်း မဟုတ်ပေ။ နိုင်ဂျီးရီးယားနိုင်ငံတွင် ၂၀၁၅ ခုနှစ် မေလ၌ ပထမဆုံးသောအကြိမ် ဒီမိုကရေစီနည်းကျ အောင်မြင်စွာ အာဏာလွှဲပြောင်းနိုင်ခဲ့သလို သီရိလင်္ကာနိုင်ငံသည်လည်း ၂၀၁၅ ဇန်နဝါရီလတွင် ရွေးကောက်ပွဲ အာဏာရှင်စနစ် (Electoral Autocracy) မှ ရွေးကောက်ပွဲ ဒီမိုကရေစီ (Electoral Democracy) သို့ ကူးပြောင်းနိုင်ခဲ့သည်။ အာရပ်ကမ္ဘာ၏ ပထမဆုံးသော ဒီမိုကရေစီသည် တူနီးရှားနိုင်ငံတွင် ပေါ်ထွန်းလာသလို မြန်မာ (ဗမာ) နိုင်ငံတွင်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် အစိုးရအဖွဲ့သည် စစ်တပ်နှင့် အာဏာမျှဝေမှု ကြီးကြီးမားမား လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး သိသိသာသာ ကျဆင်းလာခြင်း၊ ရေနံဈေး ကျဆင်းမှုကြောင့် ရုရှားနှင့် အခြားသော ရေနံနိုင်ငံများ သြဇာကျဆင်းလာခြင်းကြောင့် အရင်းရှင်စနစ်၏ အာဏာရှင် မော်ဒယ်အရောင်အဝါ ကျလာသည်။

ယင်းအခြေအနေများနှင့် အခြားသော အခွင့်အလမ်းများကို အခွင့်ကောင်းယူပြီး ဒီမိုကရေစီ အားပေးသူများ အနေနှင့် တက်တက်ကြွကြွ အားထုတ်သင့်သည်။ အမေရိကန်နှင့် မဟာမိတ်များ၏ မှန်ကန်သည့် ထောက်ပံ့မှုများဖြင့် ကမ္ဘာတစ်ဝန်း အထူးသဖြင့် အာရှရှိ ဒီမိုကရေစီယိမ်းယိုင နိုင်ငံများတွင် လွတ်လပ်မှု လှိုင်းလုံးသစ် ပေါ်လာနိုင်သည်။ ယင်းကဲ့သို့သော အားပေးမှု မရှိပါက အာဏာရှင်များ ပိုမိုပြန့်ပွားလာပြီး မတည်ငြိမ်မှုနှင့် လွတ်လပ်မှု နည်းပါးမှုဆီ ဦးတည်သွားနိုင်သည်။

ပြည်တွင်းသို့ ပြန်လှည့်ခြင်း

ဒီမိုကရေစီ ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်ချက်တစ်ခုမှာ ဒီမိုကရေစီ မြှင့်တင်ရေး ဦးဆောင်နေသည့် အမေရိကန်ပြည်ထောင်စုတွင် ယင်းကဲ့သို့ မြှင့်တင်ရေး လုပ်ဆောင်ရန် စိတ်ဝင်စားမှု လျော့နည်းလာမှု ဖြစ်သည်။ ၂၀၁၃ ခုနှစ် Pew စစ်တမ်းတွင် အမေရိကန်နိုင်ငံသား ၈၀ ရာခိုင်နှုန်းက ကမ္ဘာ့အရေးများအကြောင်း စဉ်စားမည့်အစား ပြည်တွင်းပြဿနာများကို အာရုံစိုက်သင့်သည်ဟု ဖြေဆိုထားသည်။ ဒီမိုကရေစီ မြှင့်တင်ရေးကို နိုင်ငံခြားရေးမူဝါဒ ဦးစားပေးအဖြစ် ထားသင့်သည်ဟု ၁၈ ရာခိုင်နှုန်းကသာ သဘောထားပေးသည်။ ထို့ကြောင့်ပင် ဒီမိုကရေစီ မြှင့်တင်ရေးကို မည်သည့်သမ္မတလောင်းကမျှ မဲဆွယ်စည်းရုံးရေး ဒေါက်တိုင်အဖြစ် အသုံးမပြုခြင်း ဖြစ်သည်။

ပြည်သူများ၏ စိတ်ဝင်စားမှု လျော့ကျလာသော်လည်း ဒီမိုကရေစီ ထောက်ပံ့ငွေများကိုလည်း ဝါရှင်တန်က ဆက်လက်ပံ့ပိုးလျက်ရှိသည်။ ပြည်ပရှိ ဒီမိုကရေစီ လိုလားသည့် အုပ်စုများကို ထောက်ပံ့လျက်ရှိသည့် ရန်ပုံငွေကို ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၁၁၅ သန်း ခွင့်ပြုပေးခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်လွှတ်တော်က သန်း ၁၇၀ ခွင့်ပြုပေးလိုက်သည်။ ယင်းကာလတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အုပ်ချုပ်မှု ပရိုဂရမ်များအပေါ် အမေရိကန်အစိုးရ သုံးစွဲမှု (အများအားဖြင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး သို့မဟုတ် USAID) သည် ဒေါ်လာ သန်း  ၄၀၀ လျော့နည်းလာသည်။ အီရတ်နှင့် အာဖဂန်အပေါ် ထောက်ပံ့မှု လျော့ကျလာခြင်းကို ဖယ်ထုတ်လိုက်လျှင်ပင် အခြားသော နိုင်ငံများအပေါ် ထောက်ပံ့မှုမှာ တိုးတက်မှုမရှိ မပြောင်းမလဲ ရှိနေသည်။

ယင်းကဲ့သို့ အမေရိကန်ပြည်ထောင်စု နောက်ကောက်ကျနေချိန်တွင် နိုင်ငံအနည်းငယ်သာ ဝင်ရောက်နေရာယူလာသည်။ ဒီမိုကရေစီ မြှင့်တင်ရေး ရည်မှန်းချက် အကြီးမားဆုံး အဖွဲ့အစည်းဖြစ်သည့် ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် ဒီမိုကရေစီ  အသိုက်အဝန်းအဖွဲ့မှာလည်း ရင်းမြစ်ကင်းမဲ့နေသလို သိသာထင်ရှားသည့် ရလဒ်လည်း မရှိသေးပေ။ ဒေသဆိုင်ရာ အဖွဲ့အစည်းမှာလည်း အခြေအနေမထူးပေ။ ဥပမာအားဖြင့် ဒီမိုကရေစီ စံနှုန်းများကို ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် ဆန့်ကျင်လာသည့်အခါ ဥရောပသမဂ္ဂမှာ အများအားဖြင့် ဘေးမှသာ ကြည့်နေသည်။ ထို့အပြင် အတိုက်အခံများကို တူရကီသမ္မတ အာဒိုဂန် ဖိနှိပ်နေသည့်ကြားမှ ဆီးရီးယားမှ ဒုက္ခသည်များ ဥရောပသို့ ဝင်ရောက်လာမှု တားဆီးရေး တူရကီ အကူအညီယူရန် EU သဘောတူလိုက်သည်။

ဆွီဒင်နှင့် ဗြိတိန်နိုင်ငံ အပါအဝင် အခြားသော ဥရောပနိုင်ငံ အချို့က ဒီမိုကရေစီ မြှင့်တင်ရေးနှင့် အစိုးရ အုပ်ချုပ်ပုံ တိုးတက်လာစေရေး အကူအညီများပေးလျက် ရှိသော်လည်း ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် European Endowment for Democracy အဖွဲ့၏ ဘက်ဂျက်မှာ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁၁ သန်းသာ ရှိသည်။ ဗြိတိန်နိုင်ငံ၏ ဒီမိုကရေစီ မြှင့်တင်ရေး အဖွဲ့အစည်းဖြစ်သည့် Wesminster Foundation ၏ ဘက်ဂျက်မှာ ဒေါ်လာငါးသန်းသာ ရှိကာ ကနေဒါနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာ စင်တာကို ၂၀၁၂ ခုနှစ်တွင် ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံများ ဖြစ်သည့် ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား စသည့် နိုင်ငံများမှာလည်း ပူးပေါင်းမျှဝေရန် တွန့်ဆုတ်လျက်ရှိပြီး ပြည်တွင်းပြဿနာများဖြင့်သာ လုံးပန်းနေကြသည်။

ယင်းကဲ့သို့ လစ်ဟာနေသည့် လေဟာနယ်ကို အီလစ်ဘရယ် တန်ဖိုးများ တင်ပို့ခြင်း၊ ဖိနှိပ်ရေး နည်းပညာများ ထောက်ပံ့ပေးခြင်းဖြင့် အာဏာရှင်များက အသုံးချလျက်ရှိသည်။ အီရတ်၊ လက်ဘနွန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံများရှိ အစိုးရများ မတည်ငြိမ်စေရေးနှင့် ၎င်းတို့ကို ပုံသွင်းနိုင်ရေးအတွက် အီရန်နိုင်ငံက ငွေကြေး၊ နိုင်ငံရေးနှင့် စစ်ရေး သြဇာကို အသုံးပြုလျက်ရှိသည်။ ဂျော်ဂျီယာ၊ ယူကရိန်းရှိ ခွဲထွက်ရေးဝါဒီများကို ရုရှားက ငွေကြေးထောက်ပံ့လျက် ရှိသလို အကြမ်းဖက် ခြိမ်းခြောက်ပေးခြင်းဖြင့်လည်း ကူညီလျက်ရှိသည်။ ထို့အပြင် ဗဟိုအာရှနိုင်ငံများသို့ အဆင့်မြင့် အီလက်ထရွန်နစ် စောင့်ကြည့်ရေး နည်းပညာများ တင်ပို့ခြင်းဖြင့် ‘စောင့်ကြည့်နိုင်ငံတော်များ ဓနသဟာယ’ ကို ရုရှားက တည်ထောင်လျက် ရှိသည်။ တရုတ်နိုင်ငံသည်လည်း အီသီယိုပီးယား၊ အီရန်၊ တာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန် စသည့် နိုင်ငံများသို့ အင်တာနက်နှင့် ဆက်သွယ်ရေး စောင့်ကြည့်ရေး နည်းပညာများ တင်ပို့ခြင်းဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်နိုင်ရန်နှင့် ပြည်သူများကို စောင့်ကြည့်နိုင်ရန် ကူညီလျက်ရှိသည်။

အကောင်းဆုံး အစိုးရပုံစံ

ဒီမိုကရေစီ မြှင့်တင်ရေးမှာ အမေရိကန်ပြည်သူများ အကြား အာရုံစိုက်မှု လျော့ကျလာသော်လည်း ယင်းအရေးမှာ အမေရိကန် အမျိုးသား အကျိုးစီးပွားပင် ဖြစ်သည်။ ဒီမိုကရေစီ အစိုးရများသည် ၎င်းတို့၏ နိုင်ငံသားများအပေါ် အကြမ်းဖက်မှု နည်းပါးပြီး လူ့အခွင့်အရေးကိုလည်း ပိုမိုကာကွယ်ပေးသည်။ ထို့အပြင် ဒီမိုကရေစီနိုင်ငံ အချင်းချင်း စစ်ဖြစ်လေ့ မရှိပေ။ ဈေးကွက်စီးပွားရေး၊ တည်ငြိမ်မှုနှင့် ကြွယ်ဝမှုကိုလည်း ဒီမိုကရေစီနိုင်ငံများ ယူဆောင်လာလေ့ ရှိသည်။ “ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ နိုင်ငံတိုင်းက အမေရိကန်ရဲ့ အနီးကပ် မဟာမိတ် မဟုတ်ခဲ့ဘူး၊ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန် ရန်သူတွေက ဒီမိုကရေစီနိုင်ငံတွေ မဟုတ်ကြပါဘူး” ဟု ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း မိုက်ကယ်မတ်ဖောက ပြောကြားသွားသည်။ 

အာဏာရှင် နိုင်ငံများမှာမူ ဗဟိုဒွိဟဖြင့် ရင်ဆိုင်နေရသဖြင့် ပင်ကိုအားဖြင့် မတည်မငြိမ်ဖြစ်လျက် ရှိသည်။ အာဏာရှင်စနစ် အောင်မြင်ပါက ချမ်းသာပြီး ပညာတတ်သည့် သူများကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပြီး ယင်းလူများက အရပ်ဘက် လူ့အဖွဲ့အစည်း တည်ထောင်ကြမည်ဖြစ်ကာ မဝေးတော့သည့် ကာလတွင် နိုင်ငံရေး အပြောင်းအလဲအတွက် တောင်းဆိုမည် ဖြစ်သည်။ အာဏာရှင်နိုင်ငံများ မအောင်မြင်ပါက စီးပွားရေး ဖွံ့ဖြိုးအောင် မလုပ်ဆောင်နိုင်က ပြိုကွဲနိုင်ခြေ ရှိနေသည်။

အမေရိကန်ပြည်ထောင်စုတွင် ဒီမိုကရေစီ မြှင့်တင်ရေး စိတ်ဆန္ဒ ကင်းမဲ့နေလျှင် တောင်ယင်းကဲ့သို့ မြှင့်တင်ရေး နည်းလမ်းများစွာ ရှိနေသေးသည်။ အမေရိကန်၏ ရွေးကောက်ပွဲ အထောက်အပံ့များသည် အချိန်ပိုင်း အလုပ်အကိုင်များမှသည် ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့် ဖြစ်စဉ်များအပေါ် မူတည်ပြီး ပြီးခဲ့သည့် ၂၅ နှစ်တွင်း ပေါ်ထွန်းလာသည်ဟု Carnegie Endowment for International Peace မှ ဒုတိယဥက္ကဋ္ဌ သောမတ်ကာရိုသားက ထောက်ပြထားသည်။ အရပ်ဘက်အဖွဲ့အစည်းများ အပေါ် ထောက်ပံ့မှုသည် မြို့တော်များရှိ အီလစ်များအပေါ် ထောက်ပံ့မှုသာ မကတော့ပေ။ တရားဥပဒေစိုးမိုးရေး အထောက်အပံ့များသည် တရားသူကြီးများနှင့် ရှေ့နေများကို ရေတိုနည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်မှုများ ပေးနေရာမှ တာဝန်ခံမှု၊ လူ့အခွင့်အရေး စသည့် ပိုမိုကျယ်ပြန့်သည့် အရေးများကိုပါ အာရုံစိုက်လာပြီ ဖြစ်သည်။

လွတ်လပ်မှု ခေါင်းလောင်း မြည်ပါစေ

သို့သော် အမေရိကန်ပြည်ထောင်စု အနေနှင့် ဒီမိုကရေစီ မြှင့်တင်ရေး လက်ရှိထက် ပိုလုပ်နိုင်သလို လုပ်လည်းလုပ်သင့်သည်။ မကြာမီ ပေါ်ပေါက်လာတော့မည့် အမေရိကန် သမ္မတသစ်သည် ဒီမိုကရေစီ မြှင့်တင်ရေးကို ၎င်း၏ နိုင်ငံခြားရေးမူဝါဒ  ဒေါက်တိုင်အဖြစ် သတ်မှတ်သင့်သည်။ ဝါရှင်တန်အနေနှင့် ယင်းကဲ့သို့ လုပ်ဆောင်ရန် ငြိမ်းချမ်းစွာ၊ နိုင်ငံပေါင်းစုံ စုပေါင်းကာ  အသုံးစရိတ် ပိုမသုံးဘဲ လုပ်ဆောင်နိုင်သည်။

ယင်းကဲ့သို့ မူဝါဒ ချမှတ်ရန် ပထမဆုံး အနေနှင့် အာဏာရှင် အုပ်ချုပ်ပုံကို တရားဝင် အသိအမှတ်မပြုရန် လိုသည်။ အီသီယိုပီးယား အစိုးရအဖွဲ့က ၂၀၁၅ ခုနှစ်တွင်း ရွေးကောက်ပွဲတု ကျင်းပခဲ့သော်လည်း ယင်းအစိုးရကို ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် အစိုးရဟု အမေရိကန်သမ္မတ အိုဘားမားက ၂၀၁၅ ခုနှစ် အီသီယိုးပီးယား ခရီးစဉ်အတွင်း ခေါ်ဆိုခဲ့သည်။ ယင်းခရီးစဉ်အတွင်း အကျင့်ပျက်လာဘ်စားကာ တစ်စိတ်တစ်ပိုင်း အာဏာရှင်ဖြစ်သည့် ကင်ညာနိုင်ငံသို့ ရောက်လာချိန်တွင်လည်း “ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိသည့် အားလုံးပါဝင်သည့် အင်အားကောင်းသည့် ဒီမိုကရေစီ လမ်းအတိုင်း” ကင်ညာ ဆက်လှမ်းမည်ဟု  မျှော်လင့်ကြောင်း သမ္မတ အိုဘားမား ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဝေဝါးသည့် အမေရိကန် ထောက်ခံမှုများကို အသုံးပြုပြီး အစိုးရများက ပြည်တွင်းလှုပ်ရှားမှုများနှင့် လွတ်လပ်ပြောကြားခွင့်များကို ကန့်သတ်လေ့ရှိသည်။ ၁၉၈၁ ခုနှစ်တွင်း ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန် ဒုသမ္မတ ဂျော့အိတ်ခ်ျဒဗလျူဘုရှ် သွားရောက်လည်ပတ်ခဲ့ပြီး “ဒီမိုကရက်တစ် မူတွေကို ခင်ဗျားတို့ ကိုင်စွဲနေတာကို ကျွန်တော်တို့ သဘောကျမိတယ်” ဟု အာဏာရှင် မားကို့စ်ကို ပြောကြားခဲ့သည်။ ယင်းနောက် နှစ်အနည်းငယ်အကြာတွင် မားကို့စ်၏ ဖိနှိပ်မှုများ တိုးပွားလာသလို အတိုက်အခံ ခေါင်းဆောင် ဘန်ကွီနိုအကွီနိုလည်း လုပ်ကြံခံလိုက်ရသည်။

အမေရိကန်သမ္မတသစ် အနေနှင့်လည်း အထိမခံ ဖြစ်နေသည့် ဒီမိုကရေစီ နိုင်ငံများကို ဘဏ္ဍာရေး အထောက်အပံ့ ပိုပေးသင့်သည်။ မြန်မာ၊ တူနီးရှားနှင့် ယူကရိန်း စသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်နေသည့် နိုင်ငံများသည် ပြင်ပလွှမ်းမိုးမှုကို ခံနိုင်ရည် သိပ်မရှိပေ။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့များသည် အဆိုပါ နေရာများတွင် သက်ရောက်မှုကြီးမည် ဖြစ်သည်။ စီးပွားရေး အထောက်အပံ့ တိုးပေးသလို နိုင်ငံခေါင်းဆောင်များကိုလည်း အကျင့်ပျက်မှု တိုက်ဖျက်စေခြင်း၊ အုပ်ချုပ်မှု မြှင့်တင်စေခြင်းဖြင့် အပေးအယူ လုပ်သင့်သည်။

ဒီမိုကရေစီနိုင်ငံများ ဝိုင်းနေသည့် နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရန် အလားအလာ ရှိနေပြီး အာဏာရှင်များ ဝိုင်းနေသည့် နိုင်ငံမှာလည်း အာဏာရှင်လမ်းကြောင်းပေါ် ရောက်နိုင်ခြေ ရှိနေသည်။ ထို့ကြောင့် ဒေသတွင်း တစ်ခုလုံး၏ ဒီမိုကရေစီ တိုးပွားမှုကို သက်ရောက်စေမည့် နိုင်ငံကို သေချာရွေးချယ်ကာ ပြည့်စုံသည့် မဟာဗျူဟာ ချမှတ်သင့်သည်။ လူဦးရေများသည့် နိုင်ငံများသည် လွှမ်းမိုးမှု ပိုကြီးသဖြင့် သမ္မတသစ်သည် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် တောင်အာဖရိက နိုင်ငံများတွင် ထိရောက်မှုရှိကာ တာဝန်ခံမှုရှိသည့် ဒီမိုကရက်တစ် အစိုးရ ပေါ်ပေါက်လာအောင် ညင်သာစွာ တွန်းအားပေးသင့်သည်။ တစ်ချိန်တည်းတွင် လူဦးရေနည်းသည့် ဂျော်ဂျီယာ၊ ဆီနီဂေါနှင့် တူနီးရှားနိုင်ငံများကိုလည်း လျစ်လျူမရှုသင့်ပေ။

ဒီမိုကရေစီ မြှင့်တင်ရေး မူဝါဒများတွင် အာဏာရှင် အစိုးရများကို သက်ဆိုးရှည်စေသည့် အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး အစီအစဉ်များလည်း ပါဝင်သင့်သည်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် တရားမဝင် ငွေကြေးများကို အမေရိကန် ရှာဖွေသိမ်းဆည်းနိုင်သလို ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး နယ်ပယ်တွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်နိုင်သည်။ သို့သော်လည်း အာဏာရှင်များ၊ ခရိုနီများ၏ အပြည်ပြည်ဆိုင်ရာ ပိုင်ဆိုင်မှုများ ရှာဖွေရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လျစ်လျူရှုခံ နိုင်ငံသားများထံသို့ ပြန်ပို့ရေးတွင် အမေရိကန်များစွာ လုပ်ဆောင်ရဦးမည် ဖြစ်သည်။ သံတမန်များသည် အတိုက်အခံများ ထိန်းသိမ်းခံရခြင်း၊ အာဏာပိုင်များ ဖိအားပေးမှုမှ  ကာကွယ်ပေးနိုင်ခြင်းကြောင့် ဒီမိုကရေစီ မြှင့်တင်ရေးကို သံတမန်များ ဦးစားပေးရန် အမေရိကန် သမ္မတသစ်  တိုက်တွန်းသွားသင့်သည်။ သံတမန်များသည် ဒေသဆိုင်ရာ ခေါင်းဆောင်များထံ  တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ရနေသဖြင့် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းဆီ ဦးတည်ရေး အာဏာရှင်များကို မသိမသာ တွန်းအားပေးနိုင်သည်။ ဒီမိုကရေစီ အကူးအပြောင်း လုပ်နေသည့် နိုင်ငံများဖြစ်သည့် ၁၉၈၀ ပြည့်လွန် တောင်အာဖရိက၊ ယနေ့ခေတ် မြန်မာနိုင်ငံများတွင် ယင်းနည်းလမ်းသည် ဒိမိုကရေစီ အပြောင်းအလဲရေး ရေရှည်တည်မြဲရေး ကူညီသွားနိုင်သည်။ တစ်ချိန်တည်းတွင် အင်တာနက် လွတ်လပ်ခွင့်နှင့် ဒီဂျစ်တယ် အခွင့်အရေးများကိုလည်း အမေရိကန် အုပ်ချုပ်ရေးအဖွဲ့သစ် အားပေးသွားသင့်သည်။ ထို့အပြင် ကုန်သွယ်ရေး သဘောတူညီချက်များကို အသုံးပြုပြီး ဒိမိုကရေစီ မြှင့်တင်သွားရန်လည်း သမ္မတသစ် ကြိုးပမ်းသင့်သည်။ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် တိုးတက်အောင် လုပ်ဆောင်ရေးတွင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များသည် သက်ရောက်မှုရှိကြောင်း ပညာရပ်ဆိုင်ရာ လေ့လာမှုများက အတည်ပြုပြီး ဖြစ်သည်။

ကျွန်တော်တို့ လုပ်နိုင်တယ်

အရေးကြီးသည်မှာ ပြည်ပရှိ ဒီမိုကရေစီ မြှင့်တင်ရေးမှာ ပြည်တွင်းမှ စတင်လုပ်ဆောင်ရမည် ဖြစ်သည်။ ဝမ်းနည်းဖွယ် ကောင်းသည်မှာ အမေရိကန် ဒီမိုကရေစီသည် လေးစားအားကျစေရန် မလှုံ့ဆော်နိုင်တော့ခြင်း ဖြစ်သည်။ ပြည်သူများကြား ဒေါသထွက်နေမှု၊ သီးခြားစီ နေလိုမှုများ ကြီးကြီးမားမားများ ပေါ်ပေါက်နေသည်ကို လက်ရှိရွေးကောက်ပွဲက ဖော်ပြထားပြီး ဖြစ်သည်။ မဲဆန္ဒနယ်များကို စိတ်ကြိုက်ရေးဆွဲမှု (ကိုယ်စားလှယ်လောင်း ရနိုင်ရန်)၊  မဲဆွယ်မှုများထဲ ငွေမည်းများ ဝင်ရောက်လာမှု၊ အင်အားကြီးမားလျက် ရှိသည့် အထူးအကျိုးစီးပွား  လော်ဘီအုပ်စုများကြောင့် နိုင်ငံရေးမှာ မကြုံစဖူး အစွန်းရောက်နေသည်။ ရလဒ်အားဖြင့် ဥပဒေကြမ်း အနည်းငယ်ကိုသာ ပြဋ္ဌာန်းနိုင်ပြီး နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ရေးတွင် အားနည်းနေကာ အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခြင်းများ ပုံမှန်ဖြစ်ပွားလျက်ရှိသည်။ ယင်းနိုင်ငံရေး အရေးနိမ့်မှုများကြောင့် ဒီမိုကရေစီ၏ ရန်သူများတွင် ထိုးနှက်တိုက်ခိုက်ရန် အကွက်ရလျက် ရှိသည်။ “အမေရိကမှာ စစ်မှန်တဲ့ ဒီမိုကရေစီ မရှိဘူး” ဟု ရုရှားသမ္မတ ပူတင်က ကြွေးကြော်ထားပြီး အမေရိကန် ရွေးကောက်ပွဲမှာ ‘အရင်းရှင်များ၏ စစ်မြေပြင်’ ဟု အီရန်သမ္မတဟောင်း အာမတ်ဒီနီဂျက်က ဝေဖန်ထားသည်။ ထို့ကြောင့် လွှတ်တော်နှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ ဘဏ္ဍာငွေ ထောက်ပံ့မှု ဥပဒေကို အုပ်ချုပ်ရေးအဖွဲ့သစ် ပြုပြင်သင့်သည်။ ယင်းမှသာ ရွေးကောက်ပွဲ လှူဒါန်းငွေ ဆိုသည်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး ယှဉ်ပြိုင်မှု ပြန်လည်အားကောင်းလာစေရေး ဥပမာအားဖြင့် မဲဆန္ဒနယ်များ စိတ်ကြိုက်ရေးဆွဲမှုကို ရပ်ဆိုင်းခြင်း၊ လွှတ်တော်နှင့် ပြည်နယ်ရုံးများအတွက် ဦးစားပေးအလိုက် ရွေးချယ်မဲပေးမှု (ranked-choice voting) စနစ် ကျင့်သုံးခြင်း၊  မူလရွေးကောက်ပွဲတွင် ရှုံးနိမ့်ထားသူများကို အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပိတ်ပင်ထားခြင်း ဖယ်ရှားခြင်းတို့ဖြင့် လုပ်ဆောင်ပေးနိုင်သည်။

ယင်းနည်းလမ်းများကို အသုံးပြုခြင်းဖြင့် အမေရိကန်ပြည်ထောင်စုတွင်းနှင့် ပြည်ပရှိ ဒီမိုကရေစီကို ငွေကြေးကုန်ကျစရိတ် အနည်းငယ်ဖြင့် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အမေရိကန်၏ ဦးဆောင်နေရာ ပြန်လည်ရရှိရေး ယင်းနည်းလမ်းများဖြင့် ကူညီလုပ်ဆောင်သွားနိုင်မည်။ ယင်းနည်းလမ်းများဖြင့် ဒီမိုကရေစီ တုံ့ဆိုင်းနေမှုမှ ကမ္ဘာကြီးကို ဆွဲထုတ်ကာ တိုးတက်မှု ကာလသစ်ဆီ ခေါ်ဆောင်သွားနိုင်မည် ဖြစ်သည်။

ကိုးကား - Foreign Affairs

ချမ်းမြေ့



FOLLOW US