News

POST TAGGED AS

အာဇာနည်နေ့

19-Jul-2017

အာဇာနည်နေ့
ရန်ကုန်မြို့တော်တွင်ပြုလုပ်သော အာဇာနည်နေ့သို့ လာရောက် ဂါရဝပြုသူ စံချိန်တင်

ရန်ကုန်၊ ဇူလိုင် ၁၉

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဝန်ကြီးများရုံး၊ အာဇာနည်ဗိမာန် အပါအဝင် ဗိုလ်ချုပ်ပြတိုက် သုံးနေရာသို့ ပြည်သူ ခုနှစ်သောင်းကျော် တက်ရောက်ဂါရဝပြုခဲ့ပြီး တိုင်းနှင်ပြည်နယ် ၄ ခုခန့်မှ တက်ရောက်သည့် ပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။

အာဇာနည်နေ့သို့ တက်ရောက်ဂါရဝပြုရာတွင် မကွေး၊ ရှမ်း၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေကြီးတို့ရှိ ရပ်ဝေးပြည်သူ နှစ်ထောင်ကျော်ခန့်က ပါဝင်ခဲ့ပြီး အာဇာနည်ခေါင်းဆောင်များ ထားရှိရာ အာဇာနည်ဗိမာန်တွင် ပြည်သူအင်အား ၃၇၀ဝ၀ ခန့်၊ ဝန်ကြီးများရုံးတွင် ပြည်သူ ၁၇၀၀၀ ခန့်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ လူဦးရေ ၁၆၀၀ဝခန့် ဂါရဝပြုခဲ့ကြောင်း အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီအဖွဲ့ဝင် လုံခြုံရေး ကွပ်ကဲမှု တာဝန်ရယူထားသည့် အမှတ်(၂) လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှ ရဲမှူးချုပ်မြဝင်းက ပြောကြားသည်။

“နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေလည်း အကုန်လုံးနီးပါး တက်ရောက်တယ်၊ လုံခြုံရေးပိုင်းကိုလည်း တင်းကြပ်ဆောင်ရွက်ထားတော့ ဘယ်လို အနှောင့်အယှက်မှမရှိဘဲ ပြီးဆုံးခဲ့ပါတယ်၊ တစ်ခုပဲ ဝန်ကြီးများရုံးကို ဂါရဝပြုဖို့ ရောက်လာတဲ့ ပြည်သူတွေဝင်ရောက်ရမယ့်အချိန် မှားသွားတော့ နှစ်နာရီလောက် ရပ်စောင့်လိုက်ရတယ်။ ဒီအခက်အခဲတော့ ကြုံခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

အာဇာနည်နေ့ အခမ်းအနားတွင် ပြည်သူများနေဖြင့် အာဇာနည်ဗိမာန်သို့ မွန်းလွဲ ၁၂ နာရီ၊ ဗိုလ်ချုပ်ပြတိုက်သို့ နံနက် ၈ နာရီနှင့် ဝန်ကြီးများရုံးသို့ ၈ နာရီဖြင့် အသီးသီး ဝင်ရောက် ဂါရဝပြုခွင့် ပေးမည်ဖြစ်ကြောင်း အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီက ထုတ်ပြန် အသိထားသော်လည်း အဝေးရောက်ပြည်သူများ မြင့်တက်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ပြတိုက်သို့ အချိန် ၂ နာရီ စောခွင့်ပြုခဲ့သဖြင့် ပြည်သူ ၃၀ဝ ခန့်မှာ အချိန် လွဲမှားကာ ဝန်ကြီးများရုံးတွင် ၆ နာရီခန့်က ကြိုတင်ရောက်ရှိပြီး ဝင်ရောက်ပြုရန် တောင်းဆိုမှု ဖြစ်ပေါ်ခဲ့ကြောင်း အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“နောက်နှစ်တွေကျရင် အချိန် မလွဲမှားဖို့ သတ်မှတ်ချိန်ထက် စောဝင်ခွင့် မပြုဖို့ သေချာလုပ်ရမှာပေါ့၊ ဝန်ကြီးများရုံးက ဒီနှစ်မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့အခန်းကို အထူးမွန်းမံပြသတာဆိုတော့ ပြည်သူတွေ ဝင်ချင်စိတ် စောသွားတာဖြစ်မယ်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ ရောထွေးပြီး ရှုပ်သွားတာပေါ့”ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ပြည်ထောင်စုအဆင့် အကြီးအကဲများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်များ တက်ရောက်ဂါရဝပြု၍ လွမ်းသူပန်းခွေချခဲ့ကြောင်း အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးကော်မတီမှ သိရသည်။

လုံခြုံရေး ဆောင်ရွက်မှု အပိုင်းတွင်လည်း တပ်မတော် လုံခြုံရေးတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များအပြင် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၄၀၀၀ ကျော်ဖြင့် လုံခြုံရေး ရယူခဲ့ပြီး ယခင်နှစ်ထက် လုံခြုံရေး အင်အား ၅၀၀ ကျော် တိုးမြှင့်ထားရှိခဲ့ကြောင်း အမှတ်(၂) လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှ သိရသည်။

ထို့အပြင် ၆၉ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ဗိမာန်၊ ဝန်ကြီးများရုံးနှင့် ဗိုလ်ချုပ်ပြတိုက်တို့ကို တက်ရောက် ဂါရဝပြုသည့် ပြည်သူ ငါးသောင်းနီးပါးသာ ရှိခဲ့ပြီး ယခုနှစ်တွင် တက်ရောက်သူ နှစ်သောင်းကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီမှ သိရသည်။ 

J-17



FOLLOW US