News

POST TAGGED AS

အာဇာနည်နေ့

နှစ် (၇၀)ပြည့်သည်တိုင်အောင်
၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော နှစ် ၇၀ ပြည့် အာဇာနည်နေ့ပင် ဖြစ်သည်။ ထိုနေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသောအားဖြင့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံတော်အလံအား အလံတိုင်တစ်ဝက်တွင်သာ လွှင့်ထူခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ဥဩဆွဲခြင်း၊ ထိုအချိန်တွင် သွားလာလှုပ်ရှားနေသော ပြည်သူများနှင့် ယာဉ်များ အားလုံးသည် ရပ်တန့်၍ အလေးပြုကြပါသည်။ နှစ်စဉ် ထိုနေ့ ထိုရက် ရောက်ရှိလေတိုင်း တိုင်းသူပြည်သား အားလုံး ဆွေးဆွေးမြည့်မြည့် ခံစားကြရသည်။ ယူကျုံးမရ ဖြစ်ရသည်။ နယ်ချဲ့လက်ပါးစေ အာဏာရူးတို့၏ လက်ချက်ကြောင့် အာဇာနည်များ ကြွေလွင့်ခဲ့ရသည်။ “သေသောသူ ကြာလျှင်မေ့၊ ပျောက်သောသူ ရှာလျှင်တွေ့”ဟုဆိုသော်လည်း အာဇာနည် ခေါင်းဆောင်ကြီးများကိုမူ ကမ္ဘာတည်သရွေ့ အောက်မေ့ သတိရနေကြမည်ဖြစ်သည်။

အာဇာနည် သူရဲကောင်းကို မွေးဖွား

လွန်ခဲ့သော နှစ်ပေါင်း ၁၀၂ နှစ်ကဖြစ်သည်။ မြန်မာနိုင်ငံ မြေလတ်ဒေသတွင် မြန်မာနိုင်ငံအတွက် အပြောင်းအလဲကို ထုဆစ်ပုံဖော်မည့် အာဇာနည်ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် နတ်မောက်မြို့၌ အဘ ရှေ့နေ ဦးဖာနှင့် အမိ ဒေါ်စုတို့မှ ဗိုလ်ချုပ်အောင်ဆန်းအား မွေးဖွားခဲ့သည်။

ထိုနေ့ ထိုရက်သည် သူ့ကျွန်ဘဝ ရောက်နေသော မြန်မာနိုင်ငံအတွက် လွတ်လပ်ရေး ရောင်ခြည်သန်းလာသော နေ့ထူးနေ့မြတ်ဖြစ်သည်။ အတိအကျ ဆိုရမည်ဆိုလျှင် သတ္တိ ဗျတ္တိ၊ Óဏ်အမြော်အမြင်၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်ပြည့်စုံသော ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ အမျိုးသားရေးခေါင်းဆောင် သခင်အောင်ဆန်း၊ တပ်မတော်၏ ဖခင် ဗိုလ်ချုပ်ခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာ အာဇာနည်ပုဂ္ဂိုလ် ဦးအောင်ဆန်း၏ မနားမနေ ကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ် အနစ်နာခံမှုတို့ကြောင့် ထိုနေ့မှစ၍ ၃၃ နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကြီး ရရှိခဲ့ခြင်းဖြစ်သည်။

ပညာရည်နို့သောက်ခြင်း 

၁၉၂၂ ခုနှစ် အသက် ၇ နှစ်အရွယ်တွင် နတ်မောက်မြို့ရှိ ဆရာတော် ဦးသောဘိတကျောင်း၌ စတင် ပညာဆည်းပူးခဲ့သည်။ ၁၉၂၈ ခုနှစ် အသက် ၁၃ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်း၍ ဆက်လက် ပညာသင်ယူခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရေနံချောင်း အမျိုးသားကျောင်းမှ ၁၀ တန်း အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာ ဆက်လက် သင်ယူနိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်မြင်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားဘဝ လှုပ်ရှားမှုများ

၁၉၃၅-၃၆ ခုနှစ်တွင် တကသ အမှုဆောင် ရွေးကောက်ပွဲတွင် အရွေးခံရသည်။ အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်စဉ် “ခွေးသရမ်းကြီး လွတ်နေသည်” Hell Hound at Large ဆောင်းပါးရေးသားသူကို ထုတ်ဖော်မပြော၍ ကျောင်းထုတ်ခြင်း ခံရသည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၇-၃၈ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်ကောင်စီဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည့်အပြင် တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ၁၃၀ဝ ပြည့် အရေးတော်ပုံကို အားပေးကူညီခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှု

၁၉၄၀ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဟိုင်လီသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ လျှို့ဝှက်စွာ ထွက်ခွာခဲ့သည်။ ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရုပ်ဖျက်ကာ မြန်မာနိုင်ငံသို့ ခေတ္တ ပြန်ခဲ့သည်။ မျိုးချစ်လူငယ်များကို စည်းရုံးစုဆောင်းပြီး ဂျပန်သို့ ခေါ်ဆောင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ လက်မောင်းသွေးဖောက် သစ္စာဆိုသောက်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army-BIA) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချီတက်ခဲ့ပြီး ထိုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်ကို သိမ်းပိုက်ခဲ့သည်။ ထိုနှစ် ဇူလိုင်လတွင် ဗိုလ်မှူးကြီး ရာထူးဖြင့် ဗမာ့ တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဩဂုတ်လ ၁ ရက်နေ့တွင် BIA မှ ဗမာ့ကာကွယ်ရေး တပ်မတော် (Burma Defence Army-BDA) ကို ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ် ထိမ်းမြားခဲ့ပါသည်။

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဒေါက်တာဘမော် အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး(ဖဆပလ)ကို လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ ထွက်ခွာခဲ့သည်။ ထိုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် ဂျပန်ကို တရားဝင် စစ်ကြေညာကာ တော်လှန် တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်သော နေသူရိန် အစည်းအဝေးကြီး၌ သဘာပတိအဖြစ် ဆောင်ရွက်၍ ဗမာ့လွတ်လပ်ရေးကို တောင်းဆိုခဲ့သည်။ 

၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံဘုရား အလယ်ပစ္စယာ၌ ကျင်းပသော ပြည်လုံးကျွတ် (ဖဆပလ) ညီလာခံက အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ ထိုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဗြိတိန်ဘုရင်ခံ၏ အမှုဆောင် ကောင်စီ၌ ဒုတိယ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် အင်္ဂလန်၊ လန်ဒန်မြို့ ၌ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုခဲ့သည်။ ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် များစွာ အရေးပါသော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို လှစ်ဟပြသည့် တောင်တန်းနှင့် ပြည်မ ပူးပေါင်းသည့် ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဦးဆောင် ချုပ်ဆိုနိုင်ခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပထမဆုံးအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်၌ အချုပ်အခြာ အာဏာပိုင် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းရန် အဆိုတင်ခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမ၌ တိုင်းပြည်အတွက် အရေးကြီးဆုံးသော မိန့်ခွန်းမြွက်ကြားခဲ့သည်။ ထိုမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်သည်။

၁၉ ဇူလိုင် မမေ့နိုင်

ထိုနေ့ နံနက် ၉ နာရီကျော်လောက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းဝန်များရုံးသို့ ထွက်ခွာရန် အိမ်ပေါ်မှ ဆင်းလာသည်။ ကားပေါ်တွင် ပြည်သူ့ရဲဘော်ဌာနချုပ်မှ လွှတ်ထားသော ရဲဘော် နှစ်ဦးကိုတွေ့သည်အခါ “မင်းတို့ ဘာကောင်တွေလဲ၊ ဘာလာရှုပ်တာလဲ”ဟု ကြိမ်းမောင်းတော့သည်။ ဗိုလ်ထွန်းလှနှင့် ရဲဘော်များက ရှင်းပြသော်လည်း လက်မခံခဲ့ချေ။ “မလိုချင်ဘူး၊ ဆင်းခဲ့”ဆို၍ ဆင်းနေခဲ့ကြရသည်။ အတွင်းဝန်များရုံး အတက် အဆင်းတွင် ရဲဝိုင်ယာလက်ကားတစ်စီး ရပ်ထားသည်ကိုတွေ့သည့်အခါ “ဒီမှာ မင်းတို့အလုပ် မရှိဘူး၊ သွားကြ”ဟု နှင်လွှတ်ပြန်သည်။ အစည်းအဝေးပွဲ စတင်ပြီးနောက် ၁၀ နာရီ ၃၇ မိနစ်တွင် လူမဆန်သည့် လူသတ်ကောင် မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့၏ လက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရလေသည်။ ထိုနေ့သည် ပြည်သူအားလုံးအတွက် မမေ့နိုင်သောနေ့ တစ်နေ့ပင်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထား

လွတ်လပ်ရေး၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းက အများနှင့်မတူ တစ်မူ ထူးခြားစွာ နေထိုင်လေ့ ရှိသည်။ မိဘများ၊ ဆရာသမားများအပေါ်တွင် မုသားစကား ပြောဆိုလေ့မရှိဘဲ ကလေးသဘာဝ မိမိ၏စိတ်ထဲတွင် ဖြစ်ချင်သော ဆန္ဒအမှန်ကို ထုတ်ဖော်ပြောကြားဝံ့သော သတ္တိရှိခဲ့သည်။ ထို့အပြင် ကလေးဘဝတွင်ပြုမူခဲ့သည့် အမှားများကိုလည်း ရဲဝံ့စွာဝန်ခံရဲသော ရိုးသားဖြောင့်မတ်သည့် စိတ်ထားကို ပိုင်ဆိုင်ထားရှိပြန်သည်။ ထိုစိတ်နေစိတ်ထားများသည် အနာဂတ်ကို စီမံခန့်ခွဲမည့် မျိုးဆက်သစ် လူငယ်များအတွက် အတုယူသင့်သော မွန်မြတ်တည်ကြည်သည့် စိတ်ဓာတ်ပင် ဖြစ်သည်။

အာဇာနည်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ် ကျောင်းသားဘဝတွင်လည်း ကြွားဝါထောင်လွှားမှု မရှိဘဲ ကျောင်းစာကိုသာ အပတ်တကုတ် ကြိုးစားခဲ့သည်။ ထို့အပြင် သူတစ်ပါးအကြိုက် အားနာပြီး လိုက်ပါပြောဆိုပြုမူလေ့ မရှိဘဲ အရှိကိုအရှိအတိုင်း ပြောဆိုဆက်ဆံပြုမူခဲ့သဖြင့် ကျောင်းသားများအကြားတွင် ပေါင်းသင်း ဆက်ဆံရခက်ခဲသည့် လူတစ်ဦးဟု ရှုမြင်ခံခဲ့ရသည်။ တခြားသူများ မည်သို့ပင် လက်ညှိုးထိုးနေစေကာမူ ဖြောင့်မတ်စွာ ရပ်တည်ကြိုးစားခဲ့သဖြင့် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

သူ့ကျွန်ဘဝ ကျရောက်နေသော တိုင်းပြည်ကို နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမည်ဆိုသော ခိုင်မာပြတ်သားသည့် သန္နိဋ္ဌာန်ဖြင့် တက္ကသိုလ်မှထွက်ကာ လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့သည်။ ထိုသို့ ကိုယ်ကျိုးမဖက်သည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့မှုများသည် သာမန်လူတို့ ဆောင်ရွက်နိုင်ခဲသော စွန့်လွှတ်အနစ်နာခံမှုပင်ဖြစ်သည်။ လွတ်လပ်ရေးအတွက် နယ်ချဲ့အား တိုက်ထုတ်ရန်သည် ခိုင်မာတောင့်တင်းပြီး စနစ်တကျ ဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ် ရှိရမည်ဆိုသော တွေးခေါ်မြော်မြင် ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းကလည်း အသက်အရွယ်နှင့် မလိုက်သော ရင့်ကျက်မှုကို ပြသခဲ့ခြင်းပင်ဖြစ်သည်။

တပ်မတော် ဖွဲ့စည်းရေးအတွက် လိုအပ်လျက်ရှိသည့် နိုင်ငံခြား အကူအညီရရှိရေး ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့ရာတွင်လည်း အခက်အခဲပေါင်းစုံ ကြုံတွေ့ခဲ့ရပြန်သည်။ သို့သော် ခိုင်မာပြတ်သားသည့် သန္နိဋ္ဌာန်ကြောင့် ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သဖြင့် ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာ သင်ယူဆည်းပူးနိုင်ခဲ့သည်။ ထို့နောက် လွတ်လပ်ရေးအတွက် အသက်ပေးသွားမည်ဟု သစ္စာဆိုကာ လက်မောင်းသွေးဖောက် သောက်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ် တပ်မတော်များနှင့်အတူ နယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့မြေပေါ်မှ အမြစ်ပြတ် ချေမှုန်း တိုက်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေးအတွက်လည်း နယ်ချဲ့တို့ထံ တည်တံ့စွာ ပြောဆို တောင်းဆိုနိုင်ခဲ့သည်။ နယ်ချဲ့တို့ထံ လွတ်လပ်ရေး တောင်းဆိုရေးအတွက် တိုင်းပြည်အတွင်း တရားမျှတသော ရွေးကောက်ပွဲကြီး ကျင်းပကာ တိုင်းပြု ပြည်ပြု လွှတ်တော်ကြီး ကျင်းပနိုင်ခဲ့သည်။ ထိုလွှတ်တော်ကြီးမှ တိုင်းပြည်အတွက် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည်။ ထို့နောက် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းထူထောင်ရန် အရေးကြီးအဆိုကို တင်သွင်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်၏ အမြော်အမြင် ကြီးမားမှုကြောင့် တစ်နှစ်အကြာတွင် ကျွန်တော်တို့နိုင်ငံနှင့် လူမျိုးအတွက် အသက်တမျှ အရေးပါသော လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့ပါသည်။

ရုပ်တုများ ထုနေရုံမျှနှင့် တာဝန်မကျေ

အာဇာနည် ခေါင်းဆောင်ကြီးသည် တိုတောင်းလှသော သက်တမ်းကာလအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် မတူညီသော တာဝန် အမျိုးမျိုးကို အသက်ပေး ထမ်းဆောင်ခဲ့သည်။ နိုင်ငံသားများ၊ အထူးသဖြင့် မျိုးဆက်သစ်များ အနေနှင့် ဗိုလ်ချုပ်၏ ပြောဆို၊ ပြုမူမှုပုံစံများကိုသာ သတိရ တမ်းတနေခြင်းမျိုး၊ အချိုးအစား မညီသော ဗိုလ်ချုပ်ပုံစံတူ ရုပ်တုများကိုသာ ထုဆစ်နေခြင်းမျိုး၊ မိမိတို့နာမည် ကျော်ကြားရေးအတွက် ဗိုလ်ချုပ်ကို အသုံးချနေခြင်းမျိုးတို့ကို လုပ်ဆောင်မနေကြဘဲ အာဇာနည် ခေါင်းဆောင်ကြီး၏ မျှော်မှန်းချက်များကို ရုပ်လုံးပေါ်အောင် လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်သာ ဗိုလ်ချုပ်လမ်းညွှန်ချက်ကို မြေဝယ်မကျ နားထောင်ရာ ကျပေမည်ဖြစ်သည်။ အမှန်စင်စစ်မှာမူ လွတ်လပ်ရေးဗိသုကာ အာဇာနည် ခေါင်းဆောင်ကြီး၏ ရင်ထဲက စိတ်ကူးအိပ်မက်သည် တိုင်းပြည်အတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မာအောင် တည်ဆောက်သွားရန်ဖြစ်သည်။

စည်းလုံးညီညွတ်မှုသည် အရေးကြီး

ဗိုလ်ချုပ်သာ လုပ်ကြံမခံရလျှင် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူများအကြား စည်းလုံးညီညွတ်မှုကို ယခုထက် ပိုမိုကျစ်လျစ်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ စည်းလုံးညီညွတ်သော တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ ယခုထက်ခံစား ရမည်ဖြစ်သည်။  ဗိုလ်ချုပ် ကျဆုံးသွားသည်မှာ နှစ် ၇၀ ရှိနေပြီဖြစ်သော်လည်း တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တဖွဖွ ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက “တစ်တိုင်းပြည်လုံး ကြီးပွားတိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနှင့်စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်”ဟု ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်ည ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုစကားသည် မျက်မှောက်ခေတ် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များအတွက် ကြိုတင်သတိပေး ပြောကြားသွားခြင်းဖြစ်သည်။

အုတ်တစ်ချပ် သဲတစ်ပွင့်မျှ ပါဝင်သင့်

ထို့ကြောင့် မျိုးချစ်စိတ်ဓာတ်ရှိသော တိုင်းရင်းသား ညီအစ်ကိုများ အနေနှင့် မိမိတို့၏အတ္တများကို စွန့်လွှတ်သင့်နေပြီဖြစ်သည်။ တိုင်းပြည်အတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိစေမည့်လုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ တတ်အားသရွေ့ ပါဝင်ဆောင်ရွက်သွားသင့်ပေသည်။ အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောဆိုနေသည်ထက် အလုပ်နှင့် သက်သေပြသွားရန်လည်း လိုအပ်ပါသည်။ လွတ်လပ်ရေး ရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီဖြစ်သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှု မရရှိသေးသဖြင့် တိုင်းပြည်သည် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေရပါသည်။ ထို့ကြောင့် အမျိုးသား ခေါင်းဆောင်ကြီးကဲ့သို့ စွမ်းဆောင်နိုင်စွမ်း မရှိသည့်တိုင်အောင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ် သဲတစ်ပွင့်မျှပါဝင် ဆောင်ရွက်သွားမည်ဆိုလျှင် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်သည်ဟု ယူဆနိုင်မည် ဖြစ်ပါသည်။

ခြုံ၍တင်ပြရလျှင် လွတ်လပ်ရေး၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် နှစ် ၇၀ ပြည့်ပြီဖြစ်သည်။ သေသောသူ ကြာလျှင် မေ့ဟုဆိုသော်လည်း ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအတွက် နှစ် ၇၀ ပြည့်သည့်တိုင်အောင် ပြည်သူတို့၏ ရင်ထဲတွင် ယူကျုံးမရ တသသ ဖြစ်နေကြရသည်။ ကမ္ဘာတည်သရွေ့ အောက်မေ့ သတိရနေကြမည်မှာ အသေအချာပင်ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများသည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပင် စွန့်လျက် မနားမနေ ကြိုးစားခဲ့သည်မှာ နိုင်ငံသားအားလုံး အတုယူဖွယ်ရာ ဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ်တို့ အသက်စွန့်ပြီး ရယူခဲ့သော လွတ်လပ်ရေးကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းသွားရန်သည် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်လျက်ရှိသော နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထိုလွတ်လပ်ရေးကို ထာဝစဉ် ထိန်းသိမ်းသွားနိုင်ရန်သည် တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်မှု ရှိနေရမည်ဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား အစိုင်အခဲဖြစ်နေသော အတိတ်က အာဃာတများ၊ သံသယများကို သင်ပုန်းချေပြီးမှသာ ထိုသွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့မှသာလျှင် နိုင်ငံသား အားလုံး လိုလားတောင့်တနေသော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသား အားလုံးအနေနှင့် နှစ် ၇၀ ပြည့် အာဇာနည်နေ့မှစ၍ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းထားသည့်အတိုင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်လျက် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်သွားနိုင်ကြပါစေ။

မောင်သောင်းဝင်း (တမန်ဟောင်း)



FOLLOW US