News

POST TAGGED AS

အသုံးစရိတ်

အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းငါးထောင်ခန့် တောင်းခံ
ရန်ကုန်၊ ဇူလိုင် ၂၃ 

ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများသုံးရန် ကျပ်ဘီလီယံပေါင်း နှစ်သောင်းငါးထောင် (ကျပ်သန်းပေါင်း ၂၄,၉၅၄,၆၁၅ ဒသမ ၉၉၇ ) ခန့်ကို တောင်းခံလိုက်သည်။ 

ဇူလိုင် ၂၃ ရက်က ပြန်လည်ကျင်းပလိုက်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၁၉ ခုနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက လာရောက်ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်းခံချက်တွင် သုံးငွေအများဆုံးတောင်းခံသည့် ဌာနသုံးခုရှိပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကျပ်သန်းပေါင်း ၅,၇၂၇,၁၈၂ ဒသမ ၆၃၀၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၅,၅၅၁,၂၄၆ ဒသမ ဝ၃၂ နှင့် ကာကွယ် ရေးဝန်ကြီးဌာနမှ ၃,၂၆၂,၈၅၅ ဒသမ ၆၂၇ အဖြစ်တောင်းခံထားကြောင်း ဝန်ကြီး၏ တင်ပြချက်တွင်တွေ့ရသည်။ 

စာရင်းချုပ်အရ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ရငွေမှာ ကျပ်ဘီလီယံ ၂၀၀၅၁ (ကျပ်သန်းပေါင်း ၂၀,၀၅၁,၄၉၆ ဒသမ ၁၅၇) ဖြစ်ပြီး သုံးငွေ ကျပ်ဘီလီယံ ၂၄၉၅၄ (အထက်ဖော်ပြပါ ကျပ်သန်းပေါင်း ၂၄,၉၅၄,၆၁၅ ဒသမ ၉၉၇ ဖြစ်သောကြောင့် လိုငွေမှာ ကျပ် ဘီလီယံပေါင်း ၄၉၀၃ ဖြစ်နေသည်ကို တွေ့ရှိရသည်။

အသုံးစရိတ် စုစုပေါင်း ကျပ် ဘီလီယံ ၂၄,၉၅၄ တွင် သာမန်အသုံးစရိတ် ၁၇,၅၇၃ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ၆၅၀၄ နှင့် ကြွေးမြီအသုံးစရိတ် (အရင်းပေးဆပ် ငွေအပါအဝင်) ၈၇၇ ဘီလီယံ ဖြစ်ကြောင်း ထို့ကြောင့် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းတင်ပြသည်။

ယင်းဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီ အချိုး ၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်နေသောကြောင့် နိုင်ငံတော်ဗဟိုဘဏ်မှ ဘတ်ဂျက်လိုငွေ၏ ၂၀ ရာခိုင်နှုန်းခန့်အထိ ဖြည့်တင်းဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုအစိုးရ၏ ရည်မှန်းချက်အရ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝကာကွယ်စောင့်ရှောက်ရေးအသုံး စရိတ်များကို မြှင့်တင်မည်ဟု ဝန်ကြီးက ပြောကြားလိုက်ပြီး ပညာရေးအသုံးစရိတ် ကို စတုတ္ထအများဆုံးအဖြစ် ကျပ်သန်းပေါင်း ၂,၁၇၆,၄၈၅ ဒသမ ၈၇၅ တောင်းခံထားသည်ကိုတွေ့ရသည်။

လက်ရှိတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ စံချိန်တင်မြင့်တက်နေသည်ကို တွေ့နေရသော်လည်း ဝန်ကြီးက နိုင်ငံခြားငွေလဲလှယ်နှုန်းကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း ထိန်းသိမ်းရန် ပြည်သူလိုအပ်နေသည့် ကုန်စည်ထုတ်လုပ်မှု၊ စားသုံးမှု၊ ကုန်စည်စီးဆင်းမှု စသည့် အသီးသီးက ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

လက်ရှိ (၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်) နိုင်ငံတော်အစိုးရ၏ ပြည်တွင်းကြွေးမြီမှာ ကျပ်ဘီလီယံပေါင်း ၂၀,၇၂၅ နှင့် ပြည်ပကြွေးမြီမှာ ကျပ်ဘီလီယံ ၁၃,၉၇၄ ဖြစ်နေပြီး ယင်းငွေကြေးတွင် နောက်ကျ ကြေးများ မပါဝင်သေးကြောင်း ဝန်ကြီးက ဆိုသည်။

ဘဏ္ဍာငွေတောင်းခံမှုနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများက ယခုလ ၂၅၊ ၂၆ ရက်တွင် လွှတ်တော်သို့ ရှင်းလင်းတင်ပြရန်နှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော် မတီနှင့် ငွေစာရင်းပူးပေါင်းကော်မတီတို့က ၂၈ ရက်နေ့ထက် နောက်မကျဘဲ တင်ပြရမည်ဖြစ်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

S-01



FOLLOW US