News

POST TAGGED AS

အသုံးစရိတ်

နေတိုးအသုံးစရိတ်ကိစ္စ ဂျာမနီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ပစ်မှတ်ထား ဝေဖန်


ဘရပ်ဆဲလ်၊ ဧပြီ ၂၈

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မိုက်ပွမ်ပေယိုသည် ဂျာမနီ၏ကာ ကွယ်ရေးအသုံးစရိတ်ကို ပစ်မှတ်ထားဝေဖန်ခဲ့ပြီး၊ သူဝန်ကြီးအဖြစ် တက်ရောက်ရသော ပထမဆုံး နေတိုးဆွေးနွေးပွဲတွင် မဟာမိတ်နိုင်ငံများ ကာကွယ်ရေးဝန်ထုပ်ကို မျှထမ်းကြရေး သမ္မတထရမ့်၏ တောင်းဆိုချက်အတိုင်း ဖိအားပေးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် ရုရှား၏တင်းမာမှုကို တန်ပြန်နိုင်ရေး ညီညွတ်ကြရန်လိုကြောင်း စီအိုင်အေအကြီးအကဲဟောင်း ပွမ်ပေယိုက ထောက်ပြခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများအနေနှင့် ပိုမိုစိုက်ထုတ်ကြရန် တောင်းဆိုခဲ့သည်။

၂၀၁၄ စက်တင်ဘာလက ဝေလ ပြည်နယ်တွင် ကျင်းပခဲ့သော နေတိုးထိပ်သီး ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့ကြသော ကတိကဝတ်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံအားလုံး ၂၀၂၄ တွင် စစ်အသုံးစရိတ်ကို ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းစီ သုံးစွဲကြရေးကို ဂျာမနီကဲ့သို့သော ဥရောပအင်အားကြီးနိုင်ငံများကပင် တွန့်ဆုတ်လျက်ရှိသည်။

ထရမ့်က ယင်းကိစ္စသည် ပေးရန်တာဝန်ရှိသည်များကို မပေးချေသည်နှင့် အလားတူပင်ဖြစ်သည်ဟုဝေဖန်ခဲ့သလို ပွမ်ပေယိုကလည်း နေတိုးရုံးချုပ် အခြေစိုက်ရာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော အစည်းအဝေးတွင် အလားတူဖိအားပေးခဲ့သည်။

“ဥရောပနိုင်ငံတွေဟာ သူတို့လုံခြုံရေးအတွက် လိုအပ်တဲ့ တာဝန်ယူမှုတွေကို ဝန်ထမ်းဖို့လိုပါတယ်။ ဒီကိစ္စကို သူတို့ရဲ့ နိုင်ငံသားတွေကို အသိပေးပြီး ဘာကြောင့် ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်တဲ့ တာဝန်ဝတ္တရားကို ဖြည့်ဆည်းဖို့ အရေးကြီးတယ်ဆိုတာ ရှင်းပြရပါမယ်”ဟု ပွမ်ပေယိုက ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျာမနီအဓိပတိ မာကယ်လ်အိမ်ဖြူတော်သို့ လာရောက်နေချိန်တွင် ပွမ်ပေယိုက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ထရမ့်ကလည်း မာကယ်လ်နှင့် မတွေ့ဆုံမီ “ နေတိုးက တကယ်ကောင်းတဲ့အဖွဲ့ပါ၊ ဒါပေမဲ့ ကျွန်တော်တို့အတွက် အကူအညီရတာထက် ဥရောပအတွက် အကူအညီပိုရပါတယ်” ဟု မှတ်ချက် ပေးထားသည်။

လူဇင်ဘာ့ဂ်နိုင်ငံခြားရေးဝန်ကြီး ယန်းအာဆန်ဘွန်းကမူ ဆွေးနွေးပွဲတွင် ပွမ်ပေယိုသည် ဝန်ထုပ်ဝန်ပိုး မျှဝေရေးလိုအပ်ချက်ကိုသာ ထောက်ပြခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်းမျိုးမဟုတ်ဟု မှတ်ချက်ပေးခဲ့သည်။

F-03



FOLLOW US