News

POST TAGGED AS

အသုံးစရိတ်

၂၀၁၈ အတွင်း ကာကွယ်ရေးအသုံးစရိတ် ၈ ရာခိုင်နှုန်းကျော် တိုးမြှင့်မည်ဟု တရုတ်ကြေညာ


ဘေဂျင်း၊ မတ် ၅ 

ယခု ၂၀၁၈ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်အတွက် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံက တရားဝင် ထုတ်ပြန်ကြေညာလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း ကာကွယ်ရေးအတွက် သုံးစွဲမှုနှုန်း အတော်အတန် နှေးကွေးခဲ့ပြီးနောက် ယခုလို ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်သည်။ သို့အတွက်ကြောင့် ကမ္ဘာ့အကြီးဆုံး စစ်တပ်ကြီးကို ပိုင်ဆိုင်ထားသော တရုတ်အနေနှင့် ပိုမိုအင်အားတောင့်တင်းလာမည့် အနေအထားတွင်ရှိသည်။ 

နိုင်ငံတော်ဘတ်ဂျက် အစီရင်ခံစာအရ တရုတ်နိုင်ငံအနေနှင့် ယခုနှစ်တွင် စစ်တပ်အတွက် ယွမ်ငွေ ၁ ဒသမ ၁၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၅ သန်း) အသုံးပြုမည်ဖြစ်သည်။ 

အဆိုပါအစီရင်ခံစာကို နှစ်စဉ်ကျင်းပနေကျဖြစ်သော တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲ စတင်သည့်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ 

ယင်းအစီရင်ခံစာအရ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယမန်နှစ်က ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်ပြည်သည် ယမန်နှစ်က ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အတွက် ဒေါ်လာ ၁၅၁ ဘီလီယံအသုံးပြုခဲ့ရာ ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး စစ်ရေးဘတ်ဂျက်ဖြစ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှာမူ တရုတ်ထက် လေးဆပိုများပြီး ဒေါ်လာ ၆၀၃ ဘီလီယံရှိခဲ့ကြောင်း လန်ဒန်အခြေစိုက်၊ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဆိုင်ရာ အင်စတီကျု၏အဆိုအရ သိရသည်။ 

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုနှုန်းမှာ လတ်တလောနှစ်များအတွင်း တရုတ်အမျိုးသားစီးပွားရေး ထုတ်လုပ်မှုနှုန်းနှင့် ခြေလှမ်းချင်းတူညီလျက်ရှိသည်။ 

တရုတ်စီးပွားရေးမှာ ၂၀၁၇ ခုနှစ်အတွင်း ၆ ဒသမ ၉ ရာခိုင်နှုန်း ကြီးထွားလာပြီး ဘေဂျင်းအစိုးရ၏ အဆိုအရ ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုကို ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ရည်မှန်းထားသည်။ 

“တရုတ်ကာကွယ်ရေး ဘတ်ဂျက်ဟာ တရုတ်စီးပွားရေး စွမ်းဆောင်မှုနှင့် ပူးတွဲနေမှာပါ။ ဒါဟာ စစ်ရေးအင်အား အဆမတန်တိုးချဲ့တဲ့ သဘောမျိုးဖြစ်လာမှာ မဟုတ်ပါဘူး”ဟု စင်ကာပူအခြေစိုက်၊ နန်ယန်နည်းပညာတက္ကသိုလ်မှ စစ်ရေးကျွမ်းကျင်သူ ဂျိမ်းစ်ချားက ပြောကြားသည်။ 

ကမ္ဘာ့အကြီးဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံသည် မြေပြင်တပ်ဖွဲ့ဝင်အင်အားကို ၂ သန်းအထိ လျှော့ချပြီး အဆင့်မြင့်နည်းပညာသုံး စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရေးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခြင်းဖြင့် ခေတ်မီဆန်းသစ်သော တပ်မတော်တစ်ရပ်ဖြစ်အောင် လုပ်ကိုင်လျက်ရာ အမေရိကန်ပြည်ထောင်စုနှင့် အာရှအိမ်နီးချင်းနိုင်ငံများက စိုးရိမ်တကြီး စောင့်ကြည့်လျက်ရှိသည်။  

F-01



FOLLOW US