News

POST TAGGED AS

အသုံးစရိတ်

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး လက်မှတ်ကောက်ခံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲပေးရေး ကျောင်းသားများ၊ ဆရာများနှင့် ပြည်သူလူထုထံမှ လက်မှတ်များ ဖေဖော်ဝါရီလ ၂၀ ရက်တွင် စတင်ကောက်ခံနေကြောင်း ဇန်နဝါရီလကုန်ပိုင်းက ဆန္ဒပြခဲ့ကြသော ကျောင်းသားများ ပါဝင်ဖွဲ့စည်းထားသည့် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး ဦးဆောင်လှုပ်ရှားမှုကော်မတီထံမှ သိရှိရသည်။

ယင်းကော်မတီဝင်၊ ဥပဒေပညာအထူးပြု တတိယနှစ်ကျောင်းသား ကိုကျော်သီဟရဲကျော်က “အဲဒီကရလာတဲ့ သဘောထားလက်မှတ်တွေကိုင်ပြီး လွှတ်တော်မှာ ဆွေးနွေးမှာဗျ။ လွှတ်တော်မှာလည်းကောင်း ပြည်ထောင်စုအစိုးရမှာလည်းကောင်း တင်ပြတောင်းခံမယ်။ အဲဒီလို တင်ပြတောင်းခံမှုကို အစိုးရအနေနဲ့ ဘာမှ တွေ့ဆုံညှိနှိုင်းမှုမလုပ်ဘူးဆိုရင် ဘယ်လိုပုံစံ ထပ်တောင်းမလဲ ညှိနှိုင်းရမှာပေါ့”ဟု ပြောကြားသည်။

ပခုက္ကူတက္ကသိုလ်၊ ရမည်းသင်း နည်းပညာတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မန္တလာဒီဂရီကောလိပ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် စတင်ကောက်ခံမည်ဖြစ်ပြီး ပညာရေးအသုံးစရိတ် ဦးဆောင်လှုပ်ရှားမှုကော်မတီနှင့် တွဲဆက်ဆောင်ရွက်နေသော ကျောင်းများတွင်လည်း လက်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

ပခုက္ကူတက္ကသိုလ်တွင် သဘောထား လက်မှတ်ကောက်ခံမှုကို ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ကောက်ခံလျက်ရှိပြီး ကျောင်းသား ၇၀၀ ကျော်၏ လက်မှတ်များရရှိပြီး မတ်လ ၁၃ ရက် အရောက်ပေးပို့ရန် တောင်းဆိုထားကြောင်း ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုအောင်ခိုင်မင်းက “ကျွန်တော်တို့လုပ်တာ အေးအေးဆေးဆေးနဲ့ ဘာမှ ဆူဆူပူပူလုပ်တာမရှိဘူး။ အဲဒီတော့ ကျောင်းအနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး။ ဘာမှလည်း မပြောပါဘူး”ဟု ပြောကြားသည်။

ပညာရေးအသုံးစရိတ် နည်းပါးမှုကြောင့် ပညာရေးဝန်ကြီးဌာန သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းခြင်း၊ စာသင်ခန်းမလုံလောက်ခြင်း၊ အခြေခံပညာဦးစီးဌာနမှ ဆရာများ၏ ဝန်ထမ်းလစာနည်းပါးခြင်း စသည့်အချက်များပါသည့် လက်ကမ်းစာစောင်များ ဝေငှခဲ့သေးကြောင်း ပခုက္ကူတက္ကသိုလ်ထံမှ သိရှိရသည်။

လက်ရှိတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး ဦးဆောင်လှုပ်ရှားမှုကော်မတီနှင့် လက်တွဲဆောင်ရွက်လျက်ရှိသော ကျောင်းသားသမဂ္ဂ ၂၀ ကျော်ရှိပြီး ကောက်ခံရရှိသော လက်မှတ်များကို ကော်မတီထံသို့ မတ်လ ၁၃ ရက်အရောက် ပေးပို့ရန်တောင်းဆိုထားကြောင်း အဆိုပါ ဦးဆောင်လှုပ်ရှားမှုကော်မတီထံမှ သိရှိရသည်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ရတနာပုံတက္ကသိုလ်အတွင်း ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအကြားတွင် ဝေဖန်မှုများ ရှိခဲ့ကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ လက်ခံသော နည်းလမ်းကိုစဉ်းစားကာ ယခုကဲ့သို့ ထောက်ခံလက်မှတ် ကောက်ယူရခြင်းဖြစ်ကြောင်း ကော်မတီဝင် ကိုရဲမျိုးဆွေက ပြောကြားသည်။ 

ကောက်ယူရရှိသည့် ထောက်ခံလက်မှတ်များနှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပညာရေးဘတ်ဂျက် တိုးမြှင့်ရေးအတွက် ညှိနှိုင်းအဖြေရှာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ရတနာပုံတက္ကသိုလ်တွင် ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး ဆန္ဒထုတ်ဖော်ခဲ့စဉ်က ပြည်သူ့လွှတ်တော်တွင် တွေ့ဆုံဆွေးနွေးခွင့်ရရန် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းထားခဲ့သည်။ 

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ရတနာပုံတက္ကသိုလ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ကစ၍ ဆန္ဒထုတ်ဖော်ခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ရပြီး သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးများမှတစ်ဆင့် မိဘထံ ပြန်လည်အပ်နှံခဲ့သည်။ 

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူများအနက် ကျောင်းသား ကျောင်းသူ ၅၆ ဦးကို သက်ဆိုင်ရာ တက္ကသိုလ်အာဏာပိုင်များက ကျောင်းထုတ်ခဲ့သော်လည်း မကွေးတိုင်းဝန်ကြီးချုပ်၏ ညှိနှိုင်းပေးမှုကြောင့် ကျောင်းထုတ်ခံရသူများသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျောင်းပြန်တက်ခွင့် ရခဲ့သည်။

J-19၊ M-01



FOLLOW US