News

POST TAGGED AS

အသုံးစရိတ်

ကျောင်းထုတ်ခံရသူများ အသနားခံစာတင်လျှင် ကျောင်းပြန်တက်ခွင့်ပြုမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အကျင့်စာရိတ္တပျက်ပြားမှုနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများကြောင့် ကျောင်းထုတ်ခံခဲ့ရသော ကျောင်းသားများ အသနားခံစာတင်ပါက ယခုပညာသင်နှစ်တွင် စာမေးပွဲဖြေခွင့်ပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ညွှန်ကြားစာတွင် လက်ရှိပညာသင်နှစ်စာမေးပွဲကို ဖြေဆိုခွင့်ပြုမည်ဟု ပါရှိသော်လည်း ကျောင်းထုတ်ခံကျောင်းသား၊ ကျောင်းသူများက အသနားခံစာတင်ပါက လာမည့်ပညာသင်နှစ်များတွင်ပါ ဆက်လက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျောင်းပြန်တက်ဖို့အတွက် ပြန်ဖွင့်ပေးလိုက်တာပါ။ ခုဟာကတော့ ညွှန်ချုပ်က ပညာရေးစီမံခန့်ခွဲမှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်လိုက်တာဆိုတော့ ဒီအချက်တွေကိုတော့ လိုက်နာမှရမယ်”ဟု ဒေါက်တာ အောင်အောင်မင်းက ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်ထိ ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးအနက် ကျောင်းသား ၅၆ ဦးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ပါ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ၊ အကျင့်စာရိတ္တဆိုင်ရာပြစ်မှုများအရ ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားစာနှင့်ပတ်သက်၍ ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး တိုက်ပွဲကော်မတီအနေနှင့် အစည်းအဝေးတစ်ခု ပြုလုပ်၍ သဘောထားကြေညာချက် ထုတ်ပြန်မည်ဖြစ်ပြီး လတ်တလောတွင် ကျောင်းထုတ်ခံကျောင်းသားများကို တစ်ဦးချင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

တိုက်ပွဲကော်မတီအဖွဲ့ဝင် ကိုရဲမျိုးဆွေက “မိဘတွေရဲ့ဆန္ဒတွေလည်း ရှိသေးတော့ ကျန်တဲ့ကျောင်းသားတွေကို တစ်ဦးချင်းအနေနဲ့ပဲ ဆုံးဖြတ်ခိုင်းမယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်ခုနစ်ဦးကတော့ လုံးဝ အသနားခံစာတင်ပြီး ကျောင်းပြန်တက်မှာ မဟုတ်ဘူးဗျ” ပြောဆိုသည်။

ကျောင်းထုတ်ခံ ကျောင်းသားများကို အစီအစဉ်သုံးရပ်ဖြင့် ဆောင်ရွက်ရန် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများကို ညွှန်ကြားထားခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားစာတွင် ကျောင်းထုတ်ခံကျောင်းသားများသည် နောင်တွင် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများ၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ ကျူးလွန်မည်မဟုတ်ကြောင်း ခံဝန်ကတိနှင့်အတူ မိဘအုပ်ထိန်းသူများ၏ ထောက်ခံချက်ဖြင့် အသနားခံစာတင်ပါက လက်ရှိစာသင်နှစ်တွင် စာမေးပွဲဖြေခွင့် ပြုမည်ဖြစ်ကြောင်း ပါရှိသည်။

ထိုစည်းကမ်းများကို ကျောင်းသားများအနေနှင့် ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ပညာသင်နှစ်တစ်နှစ် ရပ်နားရန်နှင့် တတိယအကြိမ်ကျူးလွန်ပါက နေ့သင်တန်း တက်ရောက်ခွင့်မပြုဘဲ အဝေးသင်သင်တန်းကိုသာ တက်ရောက်ခွင့်ပြုရန် တက္ကသိုလ်၊ ဒီဂရီကောလိပ်များထံ ညွှန်ကြားထားသည်။

လက်ရှိတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် အကျင့်စာရိတ္တနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များတွင် ပြစ်ဒဏ်များကို တိကျစွာ သတ်မှတ်ထားခြင်းမရှိသဖြင့် လာမည့်နှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် စည်းကမ်းပိုင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို အသစ်ရေးဆွဲထည့်သွင်းမည်ဖြစ်ကြောင်း ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

“စည်းကမ်းဖောက်ဖျက်တာနဲ့ ပတ်သက်လို့ ကျောင်းထုတ်မယ်၊ သတိပေးမယ်ဆိုတာ အမှန်ခြစ်လေးပဲခြစ်ထားတယ်။ အဲဒါကို ဒီထက်အသေးစိတ်မယ်။ ဒီထက်ပိုပြီး တိကျအောင် ပြင်ရေးဆွဲဖို့လိုအပ်ရင် ပြင်ရေးမယ်”ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

လာမည့်နှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် စည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်အခန်းကဏ္ဍများကို လက်ရှိအခြေအနေပေါ်မူတည်၍ လိုအပ်လျှင် စည်းကမ်းချက်များ ထပ်တိုးထည့်သွင်းမည်ဖြစ်ကြောင်း ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာနှင့် အကျင့်စာရိတ္တဆိုင်ရာ စည်းကမ်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ပယ်ဖျက်ပေးရန် ဇန်နဝါရီလ ၂၉ ရက်တွင် တောင်းဆိုခဲ့သည်။

J-19



FOLLOW US