News

POST TAGGED AS

အသုံးစရိတ်

ကျောင်းသားများ ကျောင်းထုတ်ခံရမှု ဗြိတိန်ရောက် မြန်မာနိုင်ငံသားအချို့ ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲပေးရေးတောင်းဆိုသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကာ ဖေဖော်ဝါရီလ ၁ ရက်၊ မွန်းလွဲ ၂နာရီ(ဒေသစံတော်ချိန်)တွင် လန်ဒန်မြို့ မြန်မာစစ်သံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင်ပါဝင်သည့် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၈၈ ဗကသ ကျောင်းသားဟောင်း ကိုအောင်က “ဒီမှာလုပ်တဲ့အဖွဲ့ကတော့ အဖွဲ့အစည်းနာမည်မခံဘဲ စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး လိုလားတဲ့ ဗြိတိန်(အင်္ဂလန်)ရောက် မြန်မာနိုင်ငံသားနဲ့ အင်္ဂလန်နိုင်ငံသားတွေ လုပ်တာပါ။ ကျောင်းသားတွေရဲ့ လွတ်လပ်စွာပြောဆို၊ စုရုံးခွင့်၊ ဝေဖန်ပိုင်ခွင့်၊ တောင်းဆို၊ ဆန္ဒပြခွင့်တွေက ပျောက်ပျက်လာတာ မြန်မာနိုင်ငံမှာ ကြာပါပြီ။ အခုလည်း လက်မခံဘဲ ချိုးနှိမ်တယ်။ ကျောင်းထုတ်တာလည်း ဘယ်စည်းကမ်း၊ ဘယ်ဥပဒေအရ ကျောင်းထုတ်တာဖြစ်စေ အဲဒီစည်းကမ်း၊ ဥပဒေက မတရားဘူး”ဟု ပြောကြားသည်။

ယင်းသို့ ဆန္ဒပြရာတွင် ဆန္ဒပြကျောင်းသားများ ကျောင်းမှထုတ်ပယ်ခြင်းကို တရားဝင် ရုပ်သိမ်းပြီး မည်သည့် ကန့်သတ်ချက်မှမရှိဘဲ ဂုဏ်သိက္ခာရှိစွာ ကျောင်းပြန်တက်နိုင်ရန် သက်ဆိုင်ရာ ကမ်းလှမ်းဖိတ်ခေါ်ရေး တောင်းဆိုထားသည်။ ထို့ပြင် ဆန္ဒပြကျောင်းသားများအား ကျောင်းမှထုတ်ပယ်ရန် ဆုံးဖြတ်ညွှန်ကြားခဲ့သူများကို အစိုးရက တာဝန်ခံ အရေးယူပေးရန် တောင်းဆိုသည်။

အခြေခံနိုင်ငံသား အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် စုဝေးခွင့်နှင့် သင်းပင်းဖွဲ့စည်းလှုပ်ရှားခွင့်များကို ကျောင်းသားများ အပြည့်အဝ ကျင့်သုံးနိုင်ရန် အစိုးရက အာမခံ ကာကွယ်ပေးရန် အချက်များကို ၎င်းတို့က တောင်းဆိုထားသည်။ ဆန္ဒပြသည့် ဗကသကျောင်းသား ၇၂ ဦးအနက် ၅၆ ဦးအထိ(ဇန်နဝါရီလ ၃၁ ရက်အထိ စာရင်းအရ) ကျောင်းထုတ်ခံရပြီဖြစ်ကြောင်း ကျောင်းသားများထံမှ သိရှိရသည်။



FOLLOW US