News

POST TAGGED AS

အသုံးစရိတ်

ဆန္ဒပြမှုကြောင့် ကျောင်းထုတ်ခံရသူ ၅၆ ဦးအထိရှိ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

မန္တလေး၊ ဇန်နဝါရီ ၃၀

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးနှင့် ကျောင်းထုတ်ခံရသော ကျောင်းသားများကို အမြန်ဆုံး ကျောင်းပြန်တက်ခွင့်ပေးရန် အပါအဝင် ကျောင်းထုတ်နေမှုကို ရပ်တန့်ပေးရန် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသား ၁၀၀ ကျော် ဇန်နဝါရီလ ၃၀ ရက်နေ့က အဆိုပါကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ကျောင်းသားများသည် မတရားကျောင်းထုတ်ခံရသူများ ကျောင်းပြန်တက်ခွင့်ရရေး၊ သင်ထောက်ကူပစ္စည်း လုံလောက်စွာ ရရှိရေး၊ ပညာရေး အသုံးစရိတ် တိုးမြှင့်ရေး၊ ဒီမိုကရေစီ၏ အနှစ်သာရ လွတ်လပ်စွာ ဖော်ထုတ်ခွင့် (Justice for Students) စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ပညာရေး အသုံးစရိတ် တိုးမြှင့်ဖို့ ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်မှုဟာ တရားမျှတမှု မရှိဘူးလို့ ခံစားရတယ်။ ကျောင်းသားများသည် စာသင်ခန်းတွေနဲ့ ဝေးရာကိုထွက်ပြီး တကယ် လိုအပ်နေတဲ့ ပညာရေး အသုံးစရိတ် တောင်းဆိုတာဖြစ်တယ်။ ပုန်ကန်တာမဟုတ်ပါဘူး”ဟု စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားသဂ္ဂ ပညာရေး တာဝန်ခံ ကိုဖြိုးသူကျော်က ပြောကြားသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်တောင်းဆိုရာတွင် Justice for Students နှင့် Stop Centralization စာသားပါသည့် စာရွက်များပေါ်တွင် ဖိနပ်များချွတ်၍ သရုပ်ဖော်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

ယင်းကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူများကို အရေးယူမည်မဟုတ်ကြောင်း စစ်ကိုင်း ပညာရေး တက္ကပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က ပြောကြားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ဝင်များက ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် ရတနာပုံတက္ကသိုလ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ကစ၍ အဆိုပါ ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖြိုခွဲမှုကြောင့် ကျောင်းသား ၇၂ ဦး ဖမ်းဆီးခြင်း ခံခဲ့ရကာ နာရီပိုင်းအတွင်း မိဘထံ ပြန်လည် အပ်နှံခဲ့ပြီးနောက် ကျောင်းထုတ်အရေးယူခြင်း ခံနေရသည်။

ကျောင်းထုတ် အရေးယူခြင်းကို ဇန်နဝါရီလ ၂၆ ရက်နေကစတင်ခဲ့ရာ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ရရှိသော စာရင်းများအရ ရတနာပုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၄ ဦး၊ မိတ္ထီလာ နည်းပညာ တက္ကသိုလ်မှတစ်ဦး၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ခြောက်ဦး၊ ရမည်းသင်းနည်းပညာ တက္ကသိုလ်မှ ၁၁ ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှလေးဦး၊ မိတ္ထီလာ တက္ကသိုလ်မှကိုးဦး၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှသုံးဦး၊ ကန့်ဘလူအစိုးရ စက်မှုလက်မှုသိပ္ပံမှ ခုနစ်ဦး၊ ကျောက်ဆည်တက္ကသိုလ်မှတစ်ဦး စုစုပေါင်း ၅၆ ဦးအထိရှိပြီဖြစ်သည်။

M-01



FOLLOW US