News

POST TAGGED AS

အဝီစိတွင်း

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အဝီစိတွင်းများကို ပိတ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ 

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ မြေအောက်ရေ ထုတ်ယူသုံးစွဲနေသည့် အဝီစိတွင်း ၁၀၀ ကျော်ကို ပိတ်သိမ်း၍ ကုက္ကိုဝမြစ်ရေတင်စီမံကိန်းမှ ရေအစားထိုးဖြန့်ဖြူးပေးရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး ဦးမျိုးသိန်းက ပြောကြားသည်။

“ရေရှည်မှာ ရန်ကုန်မြို့က ဖွံ့ဖြိုးလာဦးမယ်။ တိုးတက်လာမယ့် လူဦးရေနဲ့ တခြားစက်ရုံအလုပ်ရုံအတွက် ရေချိုရင်းမြစ်တွေ ကျွန်တော်တို့ ကြိုတင်ရှာဖွေနေရတဲ့ ကဏ္ဍရှိပါတယ်။ ကုက္ကိုဝစီမံကိန်းက Down Town ခြောက်မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေကို ပေးမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အင်္ဂလိပ်ခေတ်ဖောက်လုပ်ခဲ့သော မြို့တွင်းခြောက်မြို့နယ် ရေဖြန့်ဖြူးရေးပိုက်လိုင်းများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တူးဖော်ပေးထားသည့် အဝီစိတွင်းရေကို အဓိက အသုံးပြုနေရခြင်းကြောင့် ရေရှည်တွင် မြေအောက်ရေ ခန်းခြောက်မှုကိုကာကွယ်ရန် ကုက္ကိုဝမြစ်ရေတင်စီမံကိန်းမှ အဆင့်ဆင့် သန့်စင်ပြီးစီးသည့် ရေချိုရင်းမြစ်များကို အစားထိုးဖြန့်ဖြူးရန် စီစဉ်ရခြင်းဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရသည်။

ကုက္ကိုဝမြစ်ရေတင် စီမံကိန်းကို ဂျပန်နိုင်ငံ၏ ချေးငွေ ၆၈ ဒသမ ၅ ဘီလီယံ သုံးစွဲ၍ ၂၀၁၇ ခုနှစ်မှစ၍ ဖော်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းပြီးစီးပါက အဆင့်ဆင့်သန့်စင်ပြီးသော ရေဂါလန် သန်း ၆၀ ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“ကလိုရင်းဓာတ် အပြည့်အဝ ခတ်မပေးနိုင်သေးတဲ့ မြို့နယ်တွေရှိသေးတယ်။ ငမိုးရိပ်ကပေးနေတဲ့ ဒဂုံမြို့သစ်မြို့နယ်တွေနဲ့ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာမြို့နယ်တွေ ပါတယ်။ လာမယ့် သုံးနှစ်လောက်ဆိုရင်တော့ ရန်ကုန်တစ်မြို့လုံး ကလိုရင်းအပြည့်အဝ ခတ်ပြီးသားရေကို သုံးစွဲနိုင်မှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး ဦးမျိုးသိန်းက ဖြည့်စွက်ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်သို့ ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ်တို့မှ ရေဂါလန် ၁၉၀ သန်းနှင့် အဝီစိတွင်း ၄၄၉ တွင်းမှ ရေဂါလန် သန်း ၁၅ သန်းတို့ကို နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် တိုးတက်လာမည့် လူဦးရေပမာဏနှင့် နှိုင်းယှဉ်ကာ လဂွန်းပြင်ရေစီမံကိန်းမှ ရေဂါလန် သန်း ၄၀ နှင့် ကုက္ကိုဝမြစ်ရေတင် စီမံကိန်းမှ ရေဂါလန် သန်း ၆၀ အပါအဝင် စုစုပေါင်းရေဂါလန် သန်း ၁၀၀ ထပ်တိုးရရှိရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တည်ဆောက်ခဲ့သည့် မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒလ၊ ဆိပ်ကြီးခနောင်တိုတွင် ရေရရှိမှု အလွန်နည်းပါးလျက်ရှိပြီး အချို့မြို့နယ်များသည် ၉၉ ရာခိုင်နှုန်းခန့် ရေရရှိနေသော်လည်း အချို့မြို့နယ်များသည် ရေရရှိမှု သုညဖြစ်နေသည့်အပြင် အိမ်ထောင်စုပေါင်း တစ်သန်းကျော်တွင် ရေသုံးစွဲခွင့်ရရှိသော အိမ်ထောင်စု သုံးသိန်းခန့်ရှိကြောင်း ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲတွင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားထားသည်။ 

J-17



FOLLOW US