News

POST TAGGED AS

အလုပ်အကိုင်

ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးကို စွဲချက်တင်
ကလေး၊ မေ ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကို ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းခြင်း အပါအဝင် အချက်၁၃ ချက်ဖြင့် ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက စွဲချက်တင်ထားကြောင်း ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်သည် အစည်းအဝေးများ တက်ရောက်မှု အားနည်းခြင်း၊ ပျက်ကွက်ခြင်း၊ ဟားခါးမြို့ ရေပေးဝေရေးအဖွဲ့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်းခြင်းနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းခြင်းစသည့်အချက်များ အပါအဝင် အချက်၁၃ ချက်ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

“အဲဒီစွဲချက်တွေကို ကျွန်တော်ဖြေမှာပါ။ ထုချေလွှာတောင်းပြီးမှ ဖြေပြီးသားတွေလည်း ပါပါတယ်။ မနက်ဖြန်ကို ပြန်ဖြေပြီးရင် ပြောမယ်”ဟု ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကဆိုသည်။

စွဲချက်များကို ချင်းပြည်နယ် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ထမ်းရေးရာ နည်းဥပဒေ ၁၉၅ (ဂ)  နှင့်မေလ ၁၁ ရက်နေ့ ရက်စွဲဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး စွဲချက်တင်ခံရသူ ဦးချန်ဖီယာန်အနေဖြင့် မေလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ စာဖြင့် ဖြေရှင်းချက် ပေးပို့ရမည်ဖြစ်သည်။

ဦးချန်ဖီယာန်သည် ခမ်းပတ်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနတွင် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ထန်တလန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ဟားခါးမြို့နယ်၊ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

R-20



FOLLOW US