News

POST TAGGED AS

အလုပ်အကိုင်

ဂျာမနီတွင် အလုပ်အကိုင်အရေအတွက် တိုးလာမှုကြောင့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် အခွင့်သာ


ဘာလင်၊ မတ် ၂၆

ဂျာမနီစီးပွားရေးတိုးတက်လာမှုကြောင့် အရေအတွက်များပြားလွန်းသော ရွှေ့ပြောင်းဒုက္ခသည်များ အလုပ်အကိုင်ရရှိကြလိမ့်မည်ဟု ကိန်းဂဏန်းအသစ်များက ပြသနေကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ဂျာမနီ ဖက်ဒရယ်အလုပ်အကိုင်ဌာန၏ IAB သုတေသနအစီရင်ခံစာအရ နိုင်ငံစီးပွားရေးတိုးတက်လာမှုကြောင့် အလုပ်အကိုင် ၆၅၀,၀၀၀ ဖန်တီးပေးနိုင်ခဲ့ပြီး ၎င်းအနက်မှ ၁၀၀,၀၀၀ ကို ဒုက္ခသည်အဖြစ် ရောက်လာသူများက ရရှိကြမည်ဟု သိရှိရသည်။

ကာလရှည် အလုပ်လက်မဲ့ဖြစ်နေသူများမှာလည်း အလုပ်ပြန်ရမှု များပြားလာပြီး အလုပ်လစ်လပ်မှုသည် စံချိန်တင် မြင့်တက်ခဲ့သည်။ အလုပ်လက်မဲ့အရေအတွက်သည် ၁၉၉၀ ခုနှစ် ဂျာမနီပေါင်းစည်းပြီးနောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၂ ဒသမ ၃ သန်းသို့ ကျဆင်းနေသည်။

ဒုက္ခသည်များအတွက် မှန်ကန်သော အလုပ်အကိုင်များ ဖန်တီးပေးရန် အချိန်ယူရမည်ဖြစ်သော်လည်း ပညာရေးနှင့် ဘာသာစကားစွမ်းရည် မြှင့်တင်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည် ရေရှည်တွင် အဓိကစီးပွားရေးအားသာချက်များ ဖြစ်လာမည်ဟု အစီရင်ခံစာကဆိုသည်။

ဒုက္ခသည်များသည် ဂျာမနီစီးပွားရေးတွင် အနှောင့်အယှက်များမဟုတ်ဘဲ အပြုသဘောဆောင်သည့် အင်အားစုဖြစ်သည်ဟု အစီရင်ခံစာက သုံးသပ်သည်။

“ယေဘုယျအားဖြင့် ပြောရရင် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဂျာမနီမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်အကိုင်မြင့်တက်မှုဟာ ရွှေ့ပြောင်းနေထိုင်သူတွေမရှိရင် ဖြစ်နိုင်ခြေရှိမှာ မဟုတ်ပါဘူး”ဟု IAB သုတေသနဌာနမှူး အန်ဇိုဝက်ဘာက ပြောကြားသည်။

ထို့ပြင် ဒုက္ခသည်များ ၎င်းတို့ဇာတိနိုင်ငံက ရရှိခဲ့သော ဒီပလိုမာများ၊ အရည်အချင်းစစ်လက်မှတ်များကို အသိအမှတ်ပြုသည့် လုပ်ထုံးလုပ်နည်းများ ချိတ်ဆက်မိသွားလျှင် အလုပ်အကိုင်များ ပိုမိုရရှိလာကြလိမ့်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဂျာမနီတွင် တိုးပွားလာသော အလုပ်အကိုင်များသည် လူမှုဖူလုံရေးစနစ်နှင့် အပြည့်အဝ ချိတ်ဆက်ဆက်ဆံရသော အရည်အသွေးပြည့် အမျိုးအစားများဖြစ်သည်ဟု သိရှိရသည်။

ဂျာမနီအလုပ်အကိုင်နယ်ပယ်တွင် ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်လာမှုကြောင့် လုပ်ခလစာ လျော့ကျမှုနှင့် အလုပ်ဝေစု လျော့ကျမှုတို့ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု IAB ဌာနမှူး ဝက်ဘာက ပြောကြားသည်။

သို့ရာတွင် ဒုက္ခသည်အများစုမှာ အလုပ်အကိုင်ဈေးကွက်သို့ ဝင်ရောက်ပေါင်း စည်းနိုင်ခြင်းမရှိသေးသောကြောင့် ဆက်လက်လေ့လာစောင့်ကြည့်ရဦးမည်ဟုဆိုသည်။

ဂျာမနီနိုင်ငံရှိ လူဦးရေ တစ်သိန်းဝန်းကျင်နှင့် တစ်သိန်းမပြည့်သော ကောဘတ်စ်၊ ဖရိုင်းဘတ်၊ ဆယ်လ်ဂျစ်တာ၊ ဒယ်မန်ဟော့စ် စသော အသေးစားနှင့် အလတ်စားမြို့များသည် ၎င်းတို့ ခွဲတမ်းရသော ဒုက္ခသည် အရေအတွက်ကို အပြည့်အဝလက်ခံရန် မဖြစ်နိုင်ကြောင်း သက်ဆိုင်ရာပြည်နယ်အစိုးရများကို မေတ္တာရပ်ခံလွှာ တင်သွင်းထားကြရာ နောက်ထပ် ရွှေ့ပြောင်းဒုက္ခသည်များ ထပ်မပို့ရန် မေတ္တာရပ်ခံမှု အောင်မြင်ခဲ့ကြသည်ဟုလည်း သိရှိရသည်။

အဆိုပါမြို့များကို အုပ်ချုပ်သော မြို့တော်ဝန်များမှာ လက်ယာစွန်း AfD ပါတီမှမဟုတ်ဘဲ အာဏာရ CDU နှင့် SPD ပါတီများမှဖြစ်သည်။

F-04



FOLLOW US