News

POST TAGGED AS

အလုပ်အကိုင်

ထိပ်တန်းကုမ္ပဏီ ၃၀ ကျော်ပါဝင်မည့် အလုပ်အကိုင်ပြပွဲ ဖေဖော်ဝါရီလတွင် ကျင်းပမည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ပြည်တွင်းပြည်ပ ထိပ်တန်းကုမ္ပဏီပေါင်း ၃၀ ပါဝင်ပြသမည့် အလုပ်အကိုင်ပြပွဲကို ရန်ကုန်မြို့အထက် ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel ၌ ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

“ကျွမ်းကျင်ဝန်ထမ်း လိုအပ်နေတဲ့ ကုမ္ပဏီ၊ လုပ်ငန်းရှင်နဲ့ အလုပ်ရှာနေတဲ့သူတွေကြား အချိန်တိုအတွင်းမှာ အကောင်းမွန်ဆုံး၊ အထိရောက်ဆုံးနဲ့ အသင့်တော်ဆုံး ချိတ်ဆက်ပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ဒီပြပွဲမှာ ထည့်သွင်းထားတဲ့ အရည်အချင်းစစ်ဆေးမှု (Competency Test) က ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေအတွက် စွမ်းရည်ပြည့်ဝတဲ့ ဝန်ထမ်းတွေ အလွယ်တကူ ရွေးချယ်နိုင်ပါလိမ့်မယ်”ဟု work.com.mm ၏ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ ဦးဂျိုးဇက်က ပြောကြားသည်။

အလုပ်အကိုင် ရှာနေသူများအနေနှင့် ၎င်းတို့၏ အရည်အချင်းကို စစ်ဆေးနိုင်သည့် (Competency Test) အစီအစဉ်ပါဝင်လာ၍ သင်္ချာနှင့်ကိန်းဂဏန်း တွက်ချက်နိုင်မှုစွမ်းရည်၊ အင်္ဂလိပ်စာ စွမ်းရည်နှင့် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်သော စွမ်းရည်တို့ကို အခမဲ့စစ်ဆေးဖြေဆိုခွင့် ရမည်ဖြစ်သည်။

အလုပ်အကိုင် ရှာဖွေသူများအနေနှင့် အဆိုပါ အရည်အချင်းစစ်ဆေးမှု အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်ဝင်ရောက် ဖြေဆိုထားနိုင်ရာ အွန်လိုင်းတွင် ကြိုတင် ဝင်ရောက်ဖြေဆိုလိုသူများ အနေဖြင့် work.com.mm ၏ Facebook စာမျက်နှာတွင် ဝင်ရောက်ဖြေဆိုနိုင်မည် ဖြစ်သည်။

ယင်းသို့ အရည်အချင်းစစ်ဆေးမှု အစီအစဉ်ကို ဝင်ရောက်ဖြေဆိုသူများကို မြန်မာနိုင်ငံ၏ ထိပ်တန်းကုမ္ပဏီကြီးများနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခွင့်ရအောင် စီစဉ်ပေးမည်ဖြစ်ကြောင်း www.work.com.mm ထံမှ သိရသည်။

work.com.mm သည် ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်လွှင့်တင်ခဲ့သော အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၅၀၀ ဝန်းကျင်ကို ဖော်ပြပေးထားရာ အလုပ်အကိုင်လျှောက်လွှာ စာရင်းသွင်းသူ နေ့စဉ် ၂၅၀ ဝန်းကျင်ရှိနေသည်။

ဖေဖော်ဝါရီလတွင် ကျင်းပမည့် အလုပ်အကိုင်ပြပွဲသည် www.work.com.mm ၏ ပဉ္စမမြောက် အလုပ်အကိုင်ပြပွဲ ဖြစ်သည်။  

J-18



FOLLOW US