News

POST TAGGED AS

အလုပ်အကိုင်

အကောင်းဆုံးအလုပ်ရှင်ဆု ၄၄ ဆု ချီးမြှင့်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာ့ အကောင်းဆုံး အလုပ်ရှင်ဆု Myanmar Employer Awards ၄၄ ဆု ချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန် ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပမည်ဖြစ်ကြောင်း Jobnet.com.mm ၏ မန်နေဂျင်းဒါရိုက်တာ Matt De Luca က ပြောကြားသည်။

“ခုလို ဆုတွေကို ရရှိတော့မယ့် ကုမ္ပဏီတွေအတွက် ဂုဏ်ယူမိပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကုမ္ပဏီတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါ။ Myanmar Employer Awards ပွဲက နိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပမှ လုပ်ငန်းရှင်တွေ၊ နိုင်ငံတော်အစိုးရနဲ့ Community တစ်ခုလုံးကြားမှာ မြန်မာနိုင်ငံ တိုးတက်မှု အရှိန်အဟုန်နှင့် စီးပွားရေး အကျိုးအမြတ် ရရှိနိုင်မှုများ ပိုမိုကောင်းမွန်အောင်  မောင်းနှင်နိုင်ရန်အတွက် Talent Management ရဲ့အရေးပါမှုကို သိရှိလာစေမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဆုများကို ပြည်တွင်းကုမ္ပဏီများအပြင် မြန်မာနိုင်ငံအတွင်း ဝင်ရောက် လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများကိုပါ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ဆုအမျိုးအစားများမှာ Overall Best of the Best, People’s Choice Award, Best Learning & Development, Excellence in Workplace Environment, Best Use of Internal Marketing for Company Pride, Best Career Advancement Program နှင့် Best Use of Rewards & Recognition ဆုများ အပါအဝင် ၄၄ ဆု ချီးမြှင့်မည်ဖြစ်သည်။

ဆုရွေးချယ်ရေး အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ကြသော ကုမ္ပဏီများကို ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ဒိုင်ချုပ်အဖြစ် ဆောင်ရွက်ကာ ပြည်တွင်း၊ ပြည်ပ သက်ဆိုင်ရာ ကျွမ်းကျင်သူများက ငါးလကြာ စိစစ် အကဲဖြတ်ခဲ့သည်။ 

ပထမအကြိမ် မြန်မာနိုင်ငံ၏ အကောင်းဆုံး အလုပ်ရှင်ပြိုင်ပွဲသို့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၅၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကုမ္ပဏီများဘက်က အလုပ် သမားများအပေါ် အကောင်းဆုံး စောင့် ရှောက်နိုင်မှု၊ အလုပ်အကိုင်ပေးနိုင်မှု၊ ဆွဲဆောင်နိုင်မှု စသည့်အချက်များကို ငါးလ တာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ လုပ်ငန်းရှင်များ အနေနှင့် ပြီးပြည့်စုံသည့် အခြေအနေ မရောက်ရှိသေးကြောင်း ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောကြားခဲ့သည်။

Myanmar Employer Awards 2017 ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်လိုသော ကုမ္ပဏီများသည် လျှောက်လွှာများကို ဇွန်လက နောက်ဆုံးတင်သွင်းခဲ့ပြီဖြစ်ကြောင်း JobNet.com.mm က ကြေညာခဲ့သည်။

Myanmar Employer Awards အတွက် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ကုန်ပစ္စည်း ဖြန့်ချိရေး လုပ်ငန်း FMCG၊ ဖြန့်ချိရေးလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်၊ ဥပဒေ အကျိုးဆောင်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းများ၊ ပညာရေးနှင့် သင်တန်းကျောင်း၊ လျှပ်စစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးကုသမှု ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီများနှင့် နိုင်ငံအသီးသီးမှ ကုန်သည်အသင်းများ၊ လျှောက်လွှာများ တင်ခဲ့ကြသည်။      
           
J-18



FOLLOW US