News

POST TAGGED AS

အလုပ်သမား

ဖိလစ်ပိုင်တွင် ဒုတိယကမ္ဘာစစ် လိင်ကျွန်ပြုခံရသူများအတွက် အထိမ်းအမှတ်ရုပ်တု ဖယ်ရှားလိုက်၍ မကျေမနပ်ဖြစ်


မနီလာ၊ ဧပြီ ၃၀

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သည်များအတွက် အဓမ္မလိင်ကျွန်ပြုခံခဲ့ရသော အမျိုးသမီးများအား အောက်မေ့ဖွယ်အထိမ်းအမှတ်ရုပ်တုကို မြို့တော် မနီလာ၊ ကမ်းခြေ စင်္ကြံလျှောက်လမ်းမှ ဖယ်ရှားလိုက်သည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက မကျေမနပ်ကန့်ကွက်ခဲ့ကြကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

မျက်နှာကို အဝတ်စည်းထားသည့် ဖိလစ်ပိုင်အမျိုးသမီးပုံ ကြေးရုပ်တုကို ပြီးခဲ့သည့် သောကြာနေ့ညက ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ အဆိုပါ အထိမ်းအမှတ် ရုပ်တုမှာ မနီလာပင်လယ်အော်တွင် တည်ရှိပြီး ယမန်နှစ် ဒီဇင်ဘာလကမှ စိုက်ထူထားခြင်းဖြစ်သည်။

ရေနုတ်မြောင်း ပြင်ဆင်မှုများ ပြီးစီးသည်နှင့် ရုပ်တုကို ပြန်လည်စိုက်ထူသွားမည်ဟု မနီလာ မြို့တော်ခန်းမက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

သို့သော်လည်း မည်သည့်အချိန် ပြန်လည်ထားရှိမည်ဆိုခြင်းကို မထုတ်ပြန်ထားရာ လူ့အခွင့်အရေးအဖွဲ့များက ပူပန်လာခဲ့ခြင်းဖြစ်သည်။ 

ဂျပန်အစိုးရ၏ ဖိအားကြောင့် ဖိလစ်ပိုင်က အဆိုပါရုပ်တုကို ဖယ်ရှားပေးလိုက်ခြင်းလောဟု မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

“ကျွန်မတို့က ဂျပန်ကို ဒူးထောက်လိုက်တာလား၊ အဲဒါကြောင့်ဆိုရင်တော့ အင်မတန်ရှက်စရာကောင်းတာပဲ”ဟု တရုတ်-ဖိလစ်ပိုင် လိင်ကျွန်ပြုခံရသူများ အဖွဲ့ထူထောင်သူ တာရီဆီတာအန်ဆီက ပြောကြားခဲ့သည်။

ယင်းရုပ်တု စိုက်ထူမှုနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကပင် ဂျပန်ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဆီကိုနိုဒါက ပြောကြားခဲ့သည်။ 

အဆိုပါရုပ်တုကို ဖယ်ရှားမည့် အစီအစဉ်ကို ဖိလစ်ပိုင်ရှိ ဂျပန်သံရုံးကို အကြောင်းကြားထားခဲ့ကြောင်း သံရုံးက အတည်ပြုခဲ့သည်။

“ဇိမ်မယ်” ပြဿနာသည် အာရှမှ ဖိလစ်ပိုင်၊ တရုတ်ကဲ့သို့သော နိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ဆက်ဆံရေး မပြေလည်ရသည့် အဓိကပြဿနာ ဖြစ်လျက်ရှိသည်။ 

ဖက်ဆစ်ဂျပန်ခေတ်က ဂျပန်တပ်များသည် ၎င်းတို့ သိမ်းပိုက်နိုင်ခဲ့သော အာရှနိုင်ငံများတွင် အမျိုးသမီးများကို “ဇိမ်မယ်” အဖြစ် အဓမ္မခိုင်းစေခဲ့မှုများ ရှိခဲ့သည်။  

F-03



FOLLOW US