News

POST TAGGED AS

အလတ်စား

မကွေးရှိ အသေးစား အလတ်စား လုပ်ငန်းရှင်များ ချေးငွေလျင်မြန်စွာရရန် ကူညီမည်ဟုဆို
မကွေး၊ ဧပြီ ၂၃

အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ ချေးငွေမြန်မြန်ဆန်ဆန် ရရှိရန်အတွက် စည်ပင်သာယာရေး ကော်မတီ၊ မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ အကူအညီများပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။

ဧပြီ ၂၃ ရက်နေ့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အေဂျင်စီနှင့် မကွေးတိုင်းဒေသကြီး SME အေဂျင်စီတို့ တွေ့ဆုံသည့် အလုပ်ရုံဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“SME လုပ်ငန်းရှင်တွေကိုကူညီဖို့ မကွေးတိုင်းအစိုးရက အရင်ဖွဲ့ထားတဲ့ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် ၁၁ ဦးအပြင် ထပ်ပြီးတော့ တိုင်းဒေသကြီးအဆင့်အရာရှိ အဖွဲ့ဝင် ၂၂ ဦး ထပ်တိုးမယ်”ဟု ဒေါ်မြင့်မြင့်သိန်းက ပြောဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးလုပ်ငန်းရှင်များအတွက် ချေးငွေများမြန်ဆန်စေရန်၊ ထုတ်ကုန်အရည်အသွေး မြင့်တက်စေရန်၊ နည်းပညာများပေးရန်နှင့် ဈေးကွက်ချိတ်ဆက်သည့် သင်တန်းများပေးရန်တို့ကို ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးမှုများ ကို ၂၀၁၈ မေလမှစတင်၍ အကောင်အထည်ဖော် လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။

လွင်အေး



FOLLOW US