News

POST TAGGED AS

အမှိုက်

စည်းကမ်းမဲ့အမှိုက်စွန့်သည့် မဏ္ဍပ်များကို ကျပ်တစ်သိန်းစီ ဒဏ်ရိုက်မည်
မန္တလေး၊ ဧပြီ ၂၁

သင်္ကြန်ကာလအတွင်းက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခဲ့သည့် မဏ္ဍပ် ၁၅ ခု ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ်တစ်သိန်းစီ ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်း ယင်းကော်မတီ သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။ 

“သင်္ကြန်ပြီးတော့ မဏ္ဍပ်တွေဖျက်တဲ့အခါ မဏ္ဍပ်တွေမှာ အမှိုက်တွေကို ပစ်စလက်ခတ်ထားသွားတာကို တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ 

အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ရန် ရေကစားမဏ္ဍပ်တိုင်းတွင် အမှိုက်ပုံးများထားရှိပေးခဲ့ပြီး သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက နေ့စဉ်သိမ်းဆည်းပေးခဲ့ကြောင်းလည်း ဦးစိုးတင့်အောင်က ထပ်မံပြောဆိုသည်။ 

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခဲ့သော မဏ္ဍပ်များအနေနှင့် အမှိုက်သိမ်းဆည်းခ ငွေကျပ် ၅၀,၀၀၀ ကျပ်၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းအတွက် ဒဏ်ငွေ ၅၀,၀၀၀ ကျပ်စီ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဒဏ်ရိုက်အရေးယူခံရမည့်စာရင်းတွင် ကျုံးတောင်ဘက်ခြမ်းတွင်ကျင်းပသော လမ်းလျှောက်သင်္ကြန်ရှိ မဏ္ဍပ်များ မပါကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှလည်း သိရသည်။

သင်္ကြန်ကာလအတွင်း အမှိုက်စွန့် ပစ်ရန်ထားရှိပေးခဲ့သည့် အမှိုက်ပုံး ၂၇ လုံးပျက်စီးခဲ့ရာ ပျက်စီးသွားသောအမှိုက်ပုံးများအတွက် သက်ဆိုင်ရာမဏ္ဍပ်များက အမှိုက်ပုံးတန်ဖိုးအတိုင်းပေးလျော်ရမည်ဖြစ်ကြောင်းလည်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ ထပ်မံသိရသည်။

၂၀၁၈ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်တွင် ပုဂ္ဂလိကရေကစားမဏ္ဍပ်ကြီး ၁၂ ခု၊ ဌာနဆိုင်ရာရေကစားမဏ္ဍပ်လေးခုအပါအဝင် မဏ္ဍပ် ၁၀၀ ခန့် ခွင့်ပြုပေးခဲ့သည်။

M-08



FOLLOW US