News

POST TAGGED AS

အမှိုက်

အမှိုက်သိမ်းယာဉ်များတွင် ဂျီပီအက်စ်တပ်မည်


မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် သန့်ရှင်းရေးဌာနသုံး အမှိုက်သိမ်းယာဉ်များတွင် ဂျီပီအက်စ်များ တပ်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“အမှိုက်သိမ်းယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေရှိနေပါတယ်။ အမှိုက်သိမ်းရမယ့်အချိန်မှာ ရပ်ထားတာမျိုးတွေ၊ သွားချင်ရာသွားနေတာမျိုးတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြားခဲ့ရပါတယ်။ ဒါကြောင့် တကယ်လုပ်ရမယ့် အလုပ်ကို လုပ်ရဲ့လား၊ သွားရမယ့်ရပ်ကွက်တွေကို သွားရဲ့လား စောင့်ကြည့်ဖို့ တပ်ဆင်မှာဖြစ်ပါတယ်” ဟု ကော်မတီဝင် ဦးကျော်ဇေယျက ပြောကြားသည်။

ဂျီပီအက်စ်များ တပ်ဆင်စောင့်ကြည့်နိုင်ရေးအတွက် သန့်ရှင်းရေးဌာနမှ မိလ္လာစုပ်သည့်ကား ၁၀ စီးနှင့် အမှိုက်သိမ်းယာဉ် ၁၅ စီးတို့ကို ကုမ္ပဏီနှစ်ခုက စမ်းသပ်တပ်ဆင်ပေးထားပြီး နည်းပညာများကို လေ့လာလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မော်တော်ယာဉ်ဌာနထံမှ သိရသည်။ 

ဂျီပီအက်စ်တပ်ဆင်စမ်းသပ်ထားသည့် ယာဉ်များအနက် နည်းပညာပိုကောင်းသည့် ကုမ္ပဏီ၏ နည်းပညာများဖြင့် လာမည့်နှစ် ပထမခြောက်လအတွင်း မော်တော်ယာဉ် အစီး ၂၀၀ တွင် ထပ်မံတပ်ဆင်မည်ကြောင်း၊ ယာဉ်တစ်စီးလျှင် တပ်ဆင်အသုံးပြုခ အမေရိကန်ဒေါ်လာ ၁၅၀ မှ ၂၀၀ ခန့်အထိ ကုန်ကျနိုင်ကြောင်း၊ မော်တော်ယာဉ်များကို စောင့်ကြည့်နိုင်ရေး ထိန်းချုပ်ခန်းတစ်ခုကိုလည်း အကောင်အထည်ဖော်ရမည်ဖြစ်၍ ယင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူရန်ရှိကြောင်းလည်း ယင်းကော်မတီထံမှ သိရသည်။ 

ယင်းအပြင် အမှိုက်သိမ်းယာဉ်များအနေနှင့် တင်ဆောင်ရမည့် အမှိုက်တန်ချိန်ပမာဏ ပြည့်မပြည့် စစ်ဆေးနိုင်ရန် တောင်အင်းမြောက်အင်းနှင့် ကြာနီကန် အမှိုက်စွန့်ပစ်နေရာများအနီးတွင် အလေးချိန်စက် (ကတ္တား) များ ထားရှိမည်ဖြစ်ကြောင်း ကော်မတီဝင် ဦးကျော်ဇေယျက ထပ်လောင်းပြောကြားသည်။ 

မန္တလေးမြို့တော်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၉၄၀ ခန့်အထိ ရှိနေပြီး လူတစ်ဦးချင်းအနေနှင့်လည်း ဝ ဒသမ ၇၄ ကီလိုဂရမ်အထိ အမှိုက်စွန့်ပစ်မှုရှိရာ အမှိုက်သိမ်းယာဉ် အစီး ၄၅၀ ဖြင့် နေ့စဉ် သိမ်းဆည်းပေးလျက်ရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။

M-04



FOLLOW US