News

POST TAGGED AS

အမှိုက်စွန့်ပစ်မှု

02-Oct-2016

မန္တလေး
ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးနှင့် တွေ့ဆုံခြင်း
မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ်တို့၏ မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဖြေဆိုမှုများအပေါ် အားရကျေနပ်မှု မရှိကြောင်း ကြားသိရသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တို့၏ သဘောထားများကို သိရှိနိုင်ရန် ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးနှင့် တွေ့ဆုံ မေးမြန်းမှုများကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ပြီးသွားပြီဆိုတော့ ဒီလွှတ်တော်အပေါ်မှာ အားရကျေနပ်မှု ရှိ မရှိ သိချင်ပါတယ်။
UMAM : ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မေးတဲ့ မေးခွန်းတွေအပေါ်မှာ ဖြေသွားတဲ့ အဖြေပေါ် အား မရတာတွေ ရှိတယ်။ မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားနဲ့ လွဲနေတာတွေ ရှိတဲ့အပေါ်မှာ ဝန်ကြီးချုပ် ကိုယ်တိုင် မဟုတ်ရင်တောင်မှ ဝန်ကြီးတွေက အားထားရတဲ့ စိတ်ချရတဲ့ အောက်က တာဝန်ရှိသူတွေကို ဆင်းပြီးတော့ ကြည့်တာမျိုး ကျွန်တော်တို့က လုပ်စေချင်တယ်။ နောက်တစ်ခုက အစိုးရ အဖွဲ့အစည်းတွေ ဖြေတဲ့အဖြေပေါ်မှာ ကျွန်တော်တို့က ပြန်ပြီးတော့မှ ထပ်ဆင့် မေးခွန်းတွေ မေးထုတ်ကြတယ်။ အစိုးရကို ကျွန်တော်တို့က ပွတ်တိုက်အောင် လုပ်တာလည်း မဟုတ်ဘူး။ အစိုးရအပေါ် ဖိအားပေးတာလည်း မဟုတ်ဘူး။ အောက်ခြေမှာ တကယ်ဖြစ်နေတဲ့ မြေပြင် အနေအထားကို အစိုးရအနေနဲ့ သိစေချင်လို့၊ လွှတ်တော်ကိုယ်စားလှယ်မှာ တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ တာဝန်ကျေအောင် ဆောင်ရွက်တာ ဖြစ်တယ်။ အဲဒါလေးကိုလည်း အစိုးရအဖွဲ့ အနေနဲ့ နားလည်ဖို့ လိုပါတယ်။ သက်သက်မဲ့ အစိုးရအဖွဲ့ကို ဒုက္ခရောက်အောင် လုပ်မယ်၊ အကျပ်အတည်း ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်မျိုး မရှိပါဘူး။ ဒါတွေကိုလည်း အစိုးရ အဖွဲ့ဝင်တွေကို သိစေချင်သလို ပြည်သူတွေကလည်း ကိုယ်တွေက ဒီလို မေးတဲ့အခါမှာ ပြန်ဖြေတာတွေ ပြည်သူတွေ ပြန်ကြားတဲ့အခါမှာ သူတို့ အနေနဲ့လည်း ပူးပေါင်းပါဝင် လာစေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က ဆောင်ရွက်တာ ဖြစ်ပါတယ်။ ထပ်ဆင့်မေးခွန်း မေးတယ်ဆိုတာလည်း ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီးသား ဖြစ်တဲ့အတွက် ကိုယ်စားလှယ်တွေက မေးမြန်းခြင်းလည်း ဖြစ်ပါတယ်။ အဲဒီတော့ မေးခွန်းတွေ ကျန်နေသေးတယ်လို့လည်း ကျွန်တော်တို့ ကြား သိရတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့ ကြယ်ပွင့်ပြတွေကို ကြယ်ပွင့် ဖြုတ်ပြီးတော့ ကြယ်ပွင့်မပြ အနေနဲ့  အိတ်ပိတ် ပို့သွားမယ်လို့လည်း ကြားသိရတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့က နောက်တော့ မဖြစ်စေချင်ပါဘူး၊ ဒါမျိုးတွေ၊ ကိုယ်စားလှယ်တွေက ဒီမေးခွန်းတွေကို တချို့ဆိုရင် အန္တရာယ် ကြီးကြီးမားမား ရှာဖွေ စုဆောင်း ထားရတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ပြည်သူ့အတွက် အကျိုးရှိမယ့် မေးခွန်းတွေ မေးတဲ့အခါမှာ တကယ် လိုအပ်လို့ ကိုယ်တိုင် ဖြေသင့်တဲ့ မေးခွန်းတွေကို အခုလိုမျိုး ကြယ်ပွင့် ဖြုတ်ပြီးတော့ ကြယ်ပွင့်မပြ မေးခွန်း အနေနဲ့ အိတ်ပိတ်ပို့မှာတော့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ပြည်သူ့အတွက် အချိန်ကုန်ခံ အပင်ပန်းခံပြီးတော့ အလုပ်လုပ်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်မေးခွန်းကို လွှတ်တော်မှာ ပြန်လည် ဖြေကြားတာ ကြားချင်မှာပဲ။ အခုလိုမျိုး လွှတ်တော်ကို ရပ်နားလိုက်ပြီးတော့မှ မေးခွန်းတွေကို အိတ်ပိတ်နဲ့ ကြယ်ပွင့်မပြ ပြန်လည် ဖြေကြားပြီးတော့ ပေးပို့မယ် ဆိုတာမျိုးကတော့ နောင်လည်း မဖြစ်စေချင်ပါဘူး။

Voice : လွှတ်တော်ကိုယ်စားလှယ်တွေ မေးတဲ့ မေးခွန်းအချို့မှာ အကြောင်းအရာ တူနေတာကိုလည်း တွေ့ရတယ်။ ဒါကိုကော ဘယ်လို သဘောရပါသလဲ။
UMAM : ဒါကတော့ တစ်နယ်နဲ့ တစ်နယ်တော့ မတူဘူးပေါ့။ မေးလိုက်တဲ့ မေးခွန်းက သူနဲ့ကိုယ်နဲ့ တူပါစေ ဆိုတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဆိုနဲ့ မေးခွန်းတွေကို စိစစ်ရေး ကော်မတီ ရှိပါတယ်။ ဒီကော်မတီက ပြန်လည် စိစစ်ပြီးတော့ တူရင် တူသလို ကိုယ်စားလှယ်တွေ ခေါ်ပြီးတော့ ညှိနှိုင်းမယ် ဆိုရင်တော့ အချိန်ကုန်လည်း သက်သာမယ်။ ဒီမေးခွန်း တစ်ခုအစား အကျိုးရှိမယ့် မေးခွန်းတစ်ခုလည်း ထပ်ပြီးတော့ မေးနိုင်မယ်လို့ ကျွန်တော်တို့က ထင်ပါတယ်။

Voice : ဝန်ကြီးအချို့ ဖြေဆိုချက်က မြေပြင်နဲ့ ကွဲလွဲတာ ရှိနေတယ်။ ဒီလိုမျိုး နောက်လာမယ့် လွှတ်တော်မှာ ဆက်ဖြစ်နေမယ်ဆိုရင် အစိုးရနဲ့ လွှတ်တော်ကြားမှာ ဘယ်လို ဖြစ်လာနိုင်မလဲ။
UMAM : ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အားလုံးနီးပါး အသစ်တွေ၊ အစိုးရအဖွဲ့ ဆိုတာကလည်း အသစ်တွေ၊ လိုအပ်ချက်တွေ ရှိနေဦးမယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ဟာလည်း လိုအပ်ချက်တွေ ဖြည့်ဆည်းပြီးတော့ အချိန်နဲ့အမျှ ကြိုးစားနေတာပါ။ အစိုးရအဖွဲ့က သက်ဆိုင်ရာ ဝန်ကြီးတွေ အနေနဲ့လည်း ဒီလိုမျိုး ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခက်နေတာက တချို့ ကိစ္စတွေက အောက်ခြေမှာ မေးလိုက်လို့ အောက်ခြေက ပြန်တင်ပြတာကို ဖတ်ပြတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ ပြည်သူတွေကလည်း ဒါပဲ မြင်နေရတယ်။ ဒီတစ်ကြိမ် လွှတ်တော်မှာဆိုရင် သတင်းစဉ်တွေ ထွက်ပြီ။ သတင်းစဉ်တွေကို ပြည်သူတွေဆီ ဖြန့်တဲ့အခါ ဖတ်ရတဲ့အတွက် ဒီအပေါ်မှာ ဖြေတာတွေကိုလည်း ပြည်သူတွေ အားမရဘူးပေါ့။ အောက်က ပေးတာကို ဖတ်ပြ တယ်လို့ပဲ ပြည်သူတွေက မြင်ကြတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေက အောက်ခြေက အဖြစ်အပျက်ကို အမှန်တကယ် သိပြီးတော့မှ ဖြေတာမျိုးကိုပဲ ကျွန်တော်တို့က လိုချင်တာပါ။ နောက်လွှတ်တော်တွေမှာ ဒီထက် ပိုကောင်းအောင်လို့ ကျွန်တော်တို့လည်း ကြိုးစားမှာပါ။

Voice : ကြယ်ပွင့်ပြနဲ့ ကြယ်ပွင့် မပြ ဘာကွာခြားတာလဲဆိုတာ ပြောပေးပါဦး။
UMAM : ကြယ်ပွင့်ပြ မေးခွန်းဆိုတာက လွှတ်တော်မှာဖြေရမယ့် မေးခွန်းပေါ့။ ကြယ်ပွင့် မပြကတော့ စာအိတ်နဲ့ ပိတ်ပြီးတော့ ကိုယ်စားလှယ်တွေကို ပြန်ပေးတာပေါ့။ ကြယ်ပွင့် မပြတဲ့အတွက် အပြင်မှာပဲ မေးတယ်။ အပြင်မှာပဲ ဖြေတယ်ပေါ့။ အပြင်မှာဆိုတာက စာနဲ့ပေါ့။ အခု ဒီနေ့ လွှတ်တော် နားတဲ့အတွက် ကိုယ်စားလှယ်တွေ တော်တော်များများက ကြယ်ပွင့် ပြမေးခွန်း တင်ထားတာတွေ ကျန်သေးတယ်ဆိုတာလည်း ကျွန်တော်တို့ ကြားရတယ်။ လွှတ်တော်မှာ ဖြေကြားတာ မဟုတ်တဲ့အတွက် ဒေသခံ ပြည်သူတွေကလည်း မသိနိုင်ဘူးပေါ့။ ဒေသခံ ပြည်သူတွေက သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ ဘာတွေ လုပ်နေလဲ၊ ဘယ်လို မေးခွန်းတွေ မေးလဲဆိုတာ အမြဲတမ်း စောင့်ကြည့်နေကြတာ၊ ဒီဘက်ခေတ်မှာက၊ အဲဒီအပေါ်မှာ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဒီအပေါ်မှာ ဝမ်းနည်းမှုရှိတာ ကျွန်တော် ကိုယ်တိုင်လည်း တွေ့ရတယ်။

Voice : လွှတ်တော် အစည်းအဝေးကို အချုပ်အားဖြင့် ပြောရရင် မေးခွန်းတွေအတွက် ဖြေဆိုတဲ့ အဖြေက ပြည်သူတွေအတွက် ထိရောက်မှု မရှိဘူးပေါ့။
UMAM : လွှတ်တော်မှာ ဖြေတဲ့အဖြေတွေက ပြည်သူတွေအတွက် ထိရောက်မှု မရှိဘူးလို့ ပြောလို့ ရတယ်။ ကျွန်တော်တို့ မေးကတည်းကကိုက ပြည်သူတွေအတွက် ထိထိရောက်ရောက် အကျိုး ရှိစေချင်လို့ မေးတဲ့မေးခွန်းတွေ၊ တိတိကျကျပဲ ကျွန်တော်တို့က သိချင်တာ။ မဖြစ်နိုင်တဲ့ မေးခွန်းတွေ မေးတာမျိုး မရှိသလောက်ပါပဲ။ ဖြစ်နိုင်မယ်၊ လုပ်ပေးနိုင်မယ် ထင်တဲ့ဟာမျိုးတွေ မေးကြတာပါ။ ကိုယ်မေးလိုက်တဲ့ မေးခွန်း တစ်ခုက ပြည်သူ့အတွက် ချက်ချင်းလက်ငင်း မဟုတ်တောင်မှ ဘယ်အချိန်မှာ အကျိုး ဖြစ်ထွန်းနိုင်မလဲပေါ့။ ဘာလို့လဲဆိုတော့ ဒီငါးနှစ် သက်တမ်းအတွင်းမှာ ပြည်သူ့အတွက် အလုပ်တွေ အများကြီး လုပ်ပေးရမှာကိုး။ ပြည်သူတွေအတွက် ကျွန်တော်တို့ မေးတဲ့ မေးခွန်းတွေမှာ အကျိုး ဖြစ်ထွန်းစေချင်ပါတယ်။

မြတ်(ကလေး)

  • VIA


FOLLOW US