News

POST TAGGED AS

အမှတ်စာရင်း

22-Feb-2018

ပညာသင်ဆု
အမေရိကန်အစိုးရ ပညာသင်ဆုများ

ထူးချွန်သည့် မြန်မာလူငယ်များနှင့် နယ်ပယ် အသီးသီးများမှ ကျွမ်းကျင်သူများ မိမိအရည်အချင်းကို ထပ်မံ ဖြည့်ဆည်းနိုင်မည့် အခွင့်အရေးရရှိစေရန် အမေရိကန် ပြည်ထောင်စု ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗျူရိုက အသိအမှတ်ပြုပေးအပ်သည့် ပညာသင်ဆုများအကြောင်း မိတ်ဆက်ပေးလိုပါသည်။ နိုင်ငံတကာ ပညာသင်ဆု ရှာဖွေနေသည့် လူငယ်များနှင့် ပညာသင်ဆု ရယူရန် ကြိုးပမ်းနေသူများ အခွင့်အလမ်း ရနိုင်စေရန်လည်း ရည်ရွယ်ပါသည်။ အမေရိကန်အစိုးရ ပညာသင်ဆုများတွင် ယေဘုယျအားဖြင့် လူငယ်များအတွက်၊ ပညာရှင်များအတွက်နှင့် အင်္ဂလိပ်ဘာသာစကားသင် ဆရာများအတွက် ပညာသင်ဆုများဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားနိုင်မည်။ ယခုပညာသင်ဆုများသည် တစ်ပြားတစ်ချပ်မှ ကုန်စရာမလိုသော အစီအစဉ်များဖြစ်သည်။ ဖေဖော်ဝါရီလ ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် အမေရိကန် တက္ကသိုလ်များ ပညာရေးပြပွဲမှရရှိလာသော ပညာသင်ဆုများအကြောင်း အချက်အလက်များကို အခြေခံ၍ ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။ 

(၁) လူငယ်များအတွက် အစီအစဉ်
 
ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေး အစီအစဉ် (Global Undergraduate Exchange Program - UGRAD) - အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက် ၂ နှစ်နှင့် ၄ နှစ်တက်ရသော အသိအမှတ်ပြုပြီးသည့် အမေရိကန် အင်စတီကျူးရှင်းများတွင် Semester တစ်ခုတက်ရောက်ရန် ပံ့ပိုးပေးသည့် ဘွဲ့ကြိုသင်ယူ လေ့လာရေး အစီအစဉ် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာတွင် လျှောက်လွှာခေါ်လေ့ ရှိသည်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအတွက် TOEFL  PBT(Paper Based Test) Score 500 သို့မဟုတ် ယင်းအထက် သတ်မှတ်လေ့ရှိသည်။ 

အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် ပညာသင်ဆု အစီအစဉ် (Southeast Asia Youth Leadership Program - SEAYLP) - ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပြည်သူ့အရေး လှုမှုအကျိုးပြု လှုပ်ရှားမှုများ စိတ်ပါဝင်စားသည့် အရှေ့တောင်အာရှနိုင်ငံများမှ အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွယ် ထူးချွန်လူငယ်များအတွက် သီတင်း သုံးပတ်ကြာ စွမ်းရည်မြှင့်တင်ပေးသည့် အစီအစဉ်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလတွင် လျှောက်လွှာခေါ်ယူလေ့ ရှိသည်။ အင်္ဂလိပ်ဘာသာစကား ကောင်းမွန်ရန်သာ ပါရှိသော်လည်း TOEFL ရမှတ် ကန့်သတ်ခြင်း မရှိပေ။ 

မြန်မာနိုင်ငံအတွင်းမှ လူငယ်ခေါင်းဆောင် ပညာသင်ဆုအစီအစဉ် (Myanmar Youth Leadership Scholarship Program- MYLP) - ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပြည်သူ့အရေး လူမှုအကျိုးပြု လှုပ်ရှားမှုများ စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံအတွင်းမှ အသက် ၁၆ နှစ်မှ ၁၈ နှစ်အရွယ် ထူးချွန်လူငယ်များအတွက် သီတင်းလေးပတ်ကြာ စွမ်းရည်မြှင့်တင်ပေးသည့် အစီအစဉ်ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလတွင် လျှောက်လွှာခေါ်ယူလေ့ ရှိသည်။ အင်္ဂလိပ် ဘာသာစကား ကောင်းမွန်ရန်သာပါရှိသော်လည်း TOEFL  ရမှတ် ကန့်သတ်ခြင်း မရှိပေ။

(၂) ပညာရပ်အလိုက် ကျွမ်းကျင်မှုဆိုင်ရာအစီအစဉ်

ဟမ်ဖရီပညာသင်ဆုအစီအစဉ် (Hubert H. Humphrey Fellowship) - ဘွဲ့ဒီဂရီ မပေးပေ။ ပညာရပ် ကျွမ်းကျင်မှုအလိုက် အမေရိကန် ပြည်ထောင်စုသို့ တစ်နှစ်ကြာ စေလွှတ်၍ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများ ရရှိစေခြင်းဖြစ်သည်။ နိုင်ငံတော်အဆင့် ဦးဆောင်ဦးရွက်ပြုရန် အလားအလာရှိမှု၊ ပြည်သူ့ တာဝန်ထမ်းရွက်မှုအပေါ် အခြေခံ ရွေးချယ်ခြင်းဖြစ်သည်။ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်နှင့်ပတ်သက်၍ အနည်းဆုံး အတွေ့အကြုံ ၅ နှစ်ရှိပြီးသူဖြစ်ရန် သတ်မှတ်သည်။ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှုအတွက် အနည်းဆုံး TOFEL ရမှတ် ၅၂၅ မှတ် သတ်မှတ်လေ့ရှိပြီး ဧပြီလတွင် လျှောက်လွှာခေါ်လေ့ရှိသည်။ 

ဖူးလ်ဘရိုက် နိုင်ငံရပ်ခြား ပညာသင်ဆု အစီအစဉ် (Fulbright Foreign Student Scholarship) - ထူးချွန်ကျောင်းသားများ အမေရိကန် ပြည်ထောင်စုတွင် မဟာဘွဲ့ရယူရန် ပညာသင်စရိတ် အပြည့်အဝပေးသည့်အစီအစဉ်ဖြစ်သည်။ ခေါင်းဆောင်မှု အလားအလာကောင်းရှိသူ၊ ပညာရပ်ဆိုင်ရာ ထူးချွန်မှု၊ ရင့် ကျက်မှု၊ အမေရိကန်-မြန်မာ ဆက်ဆံရေး မြှင့်တင်နိုင်မည့် အလားအလား ရှိသူများကို အခြေခံ ရွေးချယ်ခြင်း ဖြစ်သည်။ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှုအတွက် အနည်းဆုံး TOEFL (PBT) ရမှတ် ၅၇၅ ရရှိထားရန်လိုအပ်ပြီး ဧပြီလတွင် လျှောက်လွှာခေါ်လေ့ရှိသည်။ 

ပညာရှင်များနှင့် အထက်တန်းပြဆရာ၊ ဆရာမများအတွက် အမေရိကန် အင်စတီကျူးရှင်းများကို လေ့လာခြင်း အစီအစဉ် (Study of the U.S. Institutes for Scholars/ Secondary School Educators - SUSI) - ဘွဲ့လွန်အဆင့် ပညာရပ်ဆိုင်ရာနှင့် လေ့လာရေး အလည်အပတ် အစီအစဉ်ကို ပေါင်းစည်းထားသော သီတင်းငါးပတ်မှ ခြောက်ပတ်ကြာ အထူးအစီအစဉ်တစ်ခုဖြစ်သည်။ နိုင်ငံတကာမှ တက္ကသိုလ်ဆရာများနှင့် ပညာတော်သင်များအတွက် အမေရိကန် လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှုနှင့် အင်စတီကျူးရှင်းများအကြောင်း လေ့လာနိုင်ရန် ပံ့ပိုးပေးခြင်းဖြစ်သည်။ အသက် ၃၀ နှစ်မှ ၅၀ နှစ်အတွင်းဖြစ်ရန်၊ ဘွဲ့တစ်ခုခုရရှိထားပြီး အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်ရန် ယေဘုယျသတ်မှတ်ပြီး အောက်တိုဘာလတွင် လျှောက်လွှာခေါ်လေ့ရှိသည်။ 

(၃)အင်္ဂလိပ်ဘာသာစကားသင် ဆရာများအတွက် အစီအစဉ်

အွန်လိုင်းမှ ပို့ချသည့် အစီအစဉ် (E-Teacher Scholarship Program) - နိုင်ငံတကာမှ အင်္ဂလိပ် ဘာသာစကား သင်ကြားသည့် ဆရာ၊ ဆရာမများအတွက် ဝေဖန်ပိုင်းခြား စဉ်းစားခြင်း၊ သင်တန်းနည်းပြများအတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးရေး စသည့်ကဏ္ဍများ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးသည့် သီတင်း ၁၀ ပတ်ကြာ အစီအစဉ်ဖြစ်သည်။ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှု အတွက် TOEFL (iBT – Internet Based Test) အနည်းဆုံးရမှတ် ၇၀ သို့မဟုတ် IELTS 6 ရရန် သတ်မှတ်ထားပြီး ယင်းအစီအစဉ်အတွက် တစ်နှစ် နှစ်ကြိမ် ခေါ်ယူလေ့ရှိသည်။ 

နိုင်ငံခြား ဘာသာစကား သင်ကြားရေးဆိုင်ရာ တာဝန်ခံ ဖူးလ်ဘရိုက်ပညာသင်ဆု အစီအစဉ် (Fulbright Foreign Language Teaching Assistant - FLTA) - အသက် ၃၀ နှစ်အောက် အင်္ဂလိပ် ဘာသာစကား သင်ကြားသည့် ဆရာ၊ ဆရာမများအတွက် အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသည့် တစ်ချိန်တည်းမှာပင် အမေရိကန်ကျောင်းသား၊ ကျောင်းသူများကိုလည်း မြန်မာဘာသာစကား ပြန်လည် သင်ကြားပေးရသည့် အစီအစဉ်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုးလကြာမြင့်ပြီး ဘွဲ့ဒီဂရီမပေးပေ။ နှစ်စဉ်နှစ်တိုင်း ဧပြီလတွင် လျှောက်လွှာခေါ်ယူလေ့ရှိသည်။ TOEFL PBT Score 550 သို့မဟုတ် TOEFL IBT Score 79-80 ရရှိထားရန် လိုအပ်သည်။ 

ပညာသင်ဆု အစီအစဉ် တစ်ခုချင်းစီ၏ အသေးစိတ်ကိုမူ https://mm.usembassy.gov/education/scholarship-programs တွင် ကြည့်ရှုနိုင်သည်။ အမေရိကန်သံရုံး၊ ပြည်သူ့ရေးရာဌာန၊ ယဉ်ကျေးမှုရေးရာဌာနစိတ် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်း၊ အမှတ် ၁၁၀ ဖုန်း ဝ၁-၅၃၆၅၀၉၊ ဝ၁-၅၀၅၁၁၃၊ လိုင်းခွဲနံပါတ် ၄၃၆၉၊ ၄၈၆၉၊ ၄၅၉၇၊ ၄၃၇၇ သို့ ခေါ်ဆိုနိုသည့်အပြင် Rangoon USECA @state.gov သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

နေဇာကျော်



FOLLOW US