News

POST TAGGED AS

အမျိုးသားနေ့

၁၉၆ဝ-၆၁ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ NNER နာယက ဒေါက်တာမင်းသိမ်းနှင့် တွေ့ဆုံခြင်း

ဗြိတိသျှ ကိုလိုနီအစိုးရလက်ထက် တက္ကသိုလ်အက် ဥပဒေကို  ကျောင်းသားများ စုပေါင်းသပိတ်မှောက်ခဲ့ကြသည်။ အမျိုးသားပညာရေးအတွက် သပိတ်မှောက်ခဲ့သည့် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက် (၁၉၂ဝ၊ ဒီဇင်ဘာလ ၅) ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်၊ ၁၃၇၈ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်ဆိုလျှင် ၉၆ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက် ဖြတ်သန်းကျင်းပခဲ့သည့် အခြေအနေများနှင့် အမျိုးသားနေ့ စတင်ပေါ်ပေါက်လာရသည့် အကြောင်းအရင်းဖြစ်သည့် ပညာရေးစနစ် ပြောင်းလဲရေး ယခုအချိန်ထိ မည်မျှပြောင်းလဲနိုင်ခဲ့ပြီကို သိရှိနိုင်စေရန် ၁၉၆ဝ-၆၁ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နာယက၊ မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းသိမ်း (ကလောင်အမည်-ဘိုးသိမ်း) နှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော် ပြလိုက်ပါသည်။


Voice : အခုဆိုရင် အမျိုးသားနေ့က ၉၆ နှစ်မြောက် ရှိခဲ့ပါပြီ။ အစိုးရ အဆက်ဆက်လည်း ဖြတ်သန်းခဲ့ပြီးပါပြီ။ ကျင်းပပုံရော၊ အနှစ်သာရပိုင်းရော အခုအခြေအနေနဲ့ ဘာတွေ ကွာခြားခဲ့ပါသလဲ။

Dr. MT : လွတ်လပ်ရေး ရပြီးစမှာ ဦးနုအစိုးရ တက်ပြီးတော့ သူကလည်း သူ့ဟာသူ မြို့မကျောင်းမှာ လုပ်တာပေါ့။ ကျောင်းသားကလည်းသူ့ဟာ သူလုပ်တယ်။ ၁၉၅၇ ခုနှစ်လောက်မှာတော့ ထူးထူးခြားခြား ကျောင်းသားသမဂ္ဂတွေနဲ့ ဖိတ်ပြီးတော့ မြို့တော်ခန်းမမှာ တစ်ခါလုပ်ဖူးတယ်။ လုပ်ဖူးပြီးတော့ နောက်ပိုင်း ကျတော့လည်း ဒီလိုသိပ်ပူးပေါင်းလုပ်တာ မရှိတော့ဘူး။ ၁၉၅၇ နောက်ပိုင်း အိမ်စောင့်အစိုးရ တက်လာပြီးတော့ စစ်အစိုးရ ဖြစ်သွားတဲ့အခါ နောက်ပိုင်းမှာ ကျောင်းသားနဲ့ ပူးတွဲပြီး အမျိုးသားနေ့ လုပ်တာတွေ မရှိတော့ဘူး။ ကျောင်းသားသမဂ္ဂတွေကတော့ သူ့ဟာသူ သက်သက်လုပ်တာတော့ ရှိတာပေါ့လေ။ ၁၉၅၇ ခုနှစ် လောက်မှာတော့ ကျောင်းသားသမဂ္ဂ သုံးခုလောက်နဲ့ အစိုးရနဲ့ ပေါင်းလုပ်တာ အဲဒါတော့ အစည်ကားဆုံးနဲ့ အအောင်မြင်ဆုံး၊ လူအများဆုံးပေါ့။ ကျွန်တော်မှတ်မိသလောက် ဒီတစ်ကြိမ်လောက်ပဲ လုပ်ဖူးတယ်။

Voice : ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂအချို့ ပေါင်းလုပ်တာကျတော့ အမျိုးသားအောင်ပွဲနေ့လို့ အမည်ပြောင်းတယ်လို့ သိရပါတယ်။ အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ ပြုလုပ်တဲ့ ဂုဏ်ပြုပွဲတွေမှာ ဆိုလည်း ‘အမျိုးသားအောင်ပွဲနေ့’ ဆိုတဲ့ အသုံးအနှုန်းကို သုံးကြပါတယ်။ နာမည်ပြောင်းတဲ့ အပေါ်မှာ ဘယ်လိုသဘောထား ရှိပါသလဲ ခင်ဗျ။

Dr. MT : တကယ့်တကယ် ပြောရရင်တော့ အရင်တုန်းက တချို့တွေကလည်း ရပ်ကွက်ထဲမှာ အမျိုးသားအောင်ပွဲ ခေါ်ကြတာပေါ့လေ။ တချို့ကလည်း အမျိုးသားနေ့ပဲ ပြောတာပေါ့။ အမှန်အတိုင်း ပြောရင်တော့ ၁၉၂ဝခုနှစ် သပိတ်မှောက်တဲ့ နေရာကို နောက်  ဂျီစီဘီအေ အသင်းကြီးက နေပြီးတော့ အမျိုးသားနေ့လို့ သတ်မှတ်ပေးလိုက်တာ။ တကယ့်တကယ်ကျတော့ အမျိုးသားနေ့ကို ပြန်တွက်လိုက်ရင် အောင်ကို မအောင်မြင်ခဲ့ဘူး။ သပိတ်ကြီးကို အစိုးရက လုံးဝ လျစ်လျူရှုပစ်ပယ်ထားတယ်။ ကျောင်းသားတွေ အကုန်လုံး ကစဥ့်ကလျား ဖြစ်သွားတယ်။ မအောင်မြင်ဘူး။ ၈၈ တုန်းကလည်း အမှန်ကတော့ ဖြိုခွင်းခံရတာပဲ။  သို့သော် ၈၈မှာ ဘာအကျိုးရသွားလဲဆိုတော့ ၈၈ ဖြစ်တဲ့အတွက် နှစ်ပေါင်း ၅ဝ ကျော် တိမ်မြုပ်နေတဲ့ နိုင်ငံရေးစိတ်ဓာတ်တွေ နိုးကြွလာတယ်။ မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင်လေးတွေ ထွက်လာတယ်။  ဒါက ၈၈ ရဲ့အမြတ်ပဲ။ သူက လှုပ်ရှားမှုအနေနဲ့ကြည့်ရင် ဖြိုခွဲခံရတယ်။ အမျိုးသားနေ့တုန်းကလည်း ဒီတိုင်းပဲ။  သပိတ်ကောင်စီကတင်တဲ့ တောင်းဆိုချက်တွေ ဘုရင်ခံက ဖတ်တောင်မဖတ်ဘူး။ လွှင့်ပစ်တာ။ ဒါပေမဲ့ အဲဒီမှာ ဘာတွေမြတ်လာလဲဆိုတော့ ကျောင်းသားတွေကိုလည်း သူတို့ကို ဘယ်နေ့မှာ ကျောင်းထုတ်ပစ်မယ် ဆိုပြီး သတိပေးတယ်။ သတိပေးတဲ့အခါ မင်းတို့ ကျောင်းထုတ်တော့မခံဘူး။ ငါတို့ဟာငါတို့ ထွက်မယ်ဆိုပြီး ထွက်စာတင်ပြီး တက္ကသိုလ်ကနေ ထွက်ပစ်တယ်။ ထွက်ပစ်ပြီးတော့ အပြင်မှာ သူတို့က အမျိုးသားရေး လုပ်နေတယ်။ အမျိုးသားကျောင်းတွေထောင်။ မြို့မိ၊ မြို့ဖတွေ ထောက်ပံ့နဲ့။ ရန်ကုန်မြို့မှာ အမျိုးသားတက္ကသိုလ် ဆိုတာ တစ်ခု ဖွင့်နိုင်တယ်။ အမျိုးသားကျောင်းတွေက ဘယ်လောက်ထိ များပြားသွားလဲ ဆိုရင် မြို့တွေမှာ လိုက်ဖွင့်တာ။ ၁၄၅ ကျောင်းလောက်ထိ ပြန့်ပွားသွားတယ်။ အဲဒီအချိန်မှာ အစိုးရ ဖွင့်ထားတဲ့ ကျောင်းက တစ်ပြည်လုံးမှာ ၄ဝ တောင် မပြည့်ဘူး။ ၄ဝ ပတ်ဝန်းကျင် ရှိတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားမှု  ဘယ်လောက်အားကောင်းပြီး လေးနက်တယ်ဆိုတာ ချက်ချင်းကို ၁၄၅ ကျောင်း ဖွင့်နိုင်တာ။ နောက်ပြီး တော့ အမျိုးသားနေ့ လှုပ်ရှားမှုရဲ့ အင်္ဂလိပ် ဆန့်ကျင်ရမယ်၊ ကိုလိုနီ ဆန့်ကျင်ရမယ်ဆိုတဲ့ စိတ်ဓာတ်က အမြို့မြို့ အနယ်နယ်တိုင်း ပြန့်သွားတယ်။ အောင်ပွဲလို့ သုံးတာကိုတော့ ကျွန်တော်က မကန့်ကွက်ပါဘူး။ သို့သော် တကယ်တမ်းက သပိတ်အနေနဲ့ မအောင်မြင်ခဲ့ဘူး။ အဲဒီကစလို့ ကိုလိုနီဆန့်ကျင်ရေး စိတ်ဓာတ်ကြီးက ပျံ့နှံ့သွားတယ်။ အဲဒါဟာ အမျိုးသားနေ့ရဲ့ အမြတ်ပဲ။

Voice : အခုအစိုးရသစ်လက်ထက် အနေအထားကရော ခင်ဗျ။

Dr. MT : အစိုးရသစ် လက်ထက်ကတော့ အခု စလုပ်တာပဲ ဖြစ်မှာပေါ့လေ။ စလုပ်တာလည်း တိုင်းအဆင့်ပေါ့။ ဒါပေမဲ့ ကျွန်တော် သဘောတစ်ခု ဘဝင်မတွေ့တာက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ရန်ကုန်တိုင်း (အစိုးရ) နဲ့ တွဲလုပ်တယ် ဆိုတာတော့ အနှစ်သာရအားဖြင့် မပြည့်စုံဘူး။  ၈၈ ကို ကျွန်တော်တို့ မလိုလားလို့ ပြောတာ မဟုတ်ဘူး။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လုပ်တယ် ဆိုရင်တော့ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) တို့၊ ကျန်တဲ့မျိုးဆက် အသီးသီးက  ကျောင်းသားသမဂ္ဂတွေ ပါလာသင့်တာပေါ့လေ။ ပါပြီးလုပ်တာက ပိုပြီးကျယ်ဝန်းတဲ့ လှုပ်ရှားမှု ဖြစ်မှာပေါ့။ ၈၈ က ကျောင်းသားလှုပ်ရှားမှု တစ်ခုလုံးကို အပိုင်စီးထားလို့ မရဘူး။ သူကဏ္ဍတစ်ခု အတွက်ပဲ တာဝန်ယူပြီး လှုပ်ရှားခဲ့တာ။ အမျိုးသားနေ့ဆိုတာ တစ်မျိုးသားလုံးနဲ့ဆိုင်တာ။ ၈၈ တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘူး။ ၈၈ ကို Attack (တိုက်ခိုက်)တာ မဟုတ်ဘူးနော်။ အနှစ်သာရချင်း ကွာသွားတာကို ပြောတာ။ အဆက်ဆက်သော ကျောင်းသားတွေနဲ့ လက်ရှိတာဝန်ယူနေတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ ပေါင်းလုပ်တဲ့ အနှစ်သာရက ၈၈ နဲ့ ပေါင်းလုပ်တဲ့ အနှစ်သာရထက်စာရင် ပိုကျယ်ပြန့်ပြီး လေးနက်တယ်လို့ ထင်တယ်။

Voice : အခုလောလောဆယ် အစိုးရသစ်လက်ထက်မှာ ပညာရေး အပြောင်းအလဲ ဘယ်လောက်လုပ်နိုင်မယ်လို့ မျှော်လင့်လို့ ရမလဲ။ ဆိုချင်တာက အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို ဥပဒေအရ ဖွဲ့စည်းလိုက်ပြီ။ သူတို့ကရော ဘယ်အတိုင်းအတာထိ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျ။


Dr. MT : အမျိုးသားပညာရေး မူဝါဒကော်မရှင် ဆိုတာ သမိုင်းပြန်ပြောရမယ်။ ၁၉၈၈ မှာ ကျောင်းသားလှုပ်ရှားမှုတွေကြောင့် ၈၈ အရေးတော်ပုံ ပေါ်လာတဲ့အခါမှာ ကျောင်းသားလှုပ်ရှားမှုတွေကို စိုးရိမ်ပြီး နောက်ထပ်မပေါ်နိုင်အောင် ဆိုပြီး အမျိုးသားပညာရေး ကော်မတီဆိုတာ ဖွဲ့တယ်။ အမျိုးသားပညာရေး ကော်မတီရဲ့ ခေါင်းဆောင်သည် အတွင်းရေးမှူး (၁) ခင်ညွန့်ကိုယ်တိုင် ကိုင်တာ။ နောက်ပြီးတော့  ခင်ညွန့်ပြုတ်သွားပြီး အဆက်ဆက်သော အမျိုးသားပညာရေးကော်မတီကို အတွင်းရေးမှူး (၁) တွေ ကိုင်လာတယ်။ ကော်မတီရဲ့ ရည်ရွယ်ချက်ကိုက ကျောင်းသားတွေကို ဖိနှိပ်မယ်၊ တက္ကသိုလ်တွေကို ဖိနှိပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ။ အခု အမျိုးသားပညာရေး ဥပဒေ ပထမမူကြမ်းမှာလည်း ဒီကော်မတီကို ပြန်ထည့်တယ်။ အမျိုးသားပညာရေး ကော်မတီလို့ မပြောဘဲနဲ့ အမျိုးသားပညာရေး ကော်မရှင် ဆိုပြီး ထည့်တယ်။ အဲဒီတော့ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြတာလည်း ပညာရေးကော်မရှင်ကို ကန့်ကွက်တာပေါ့။ ပညာရေးတစ်ခုလုံး ချုပ်ကိုင်တဲ့ အပိုဒ်တွေမှာ ဒီကော်မရှင်က ချုပ်ကိုင်တာ။ အကုန်လုံးသူက  ထိန်းချုပ်တာ။ ကျွန်တော်တို့ ကန့်ကွက်တဲ့အခါ လွှတ်တော်ကျတော့ ပြန်ထည့်တယ်။ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဆိုပြီး မူဝါဒလေး ထည့်ပြီး ပြောင်းလိုက်တယ်။ ဒီဟာလည်း ဖွဲ့စည်းပုံအရ ဒီမိုကရေစီနိုင်ငံ တစ်ခုမှာပါတဲ့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံဆိုတာ မဟုတ်ဘူး။ ဒီမိုကရက်တစ် ဖွဲ့စည်းပုံဆိုတာ အလွှာအသီးသီးကသူတွေ ပါရမယ်။ ကျောင်းသားသမဂ္ဂက ကိုယ်စားလှယ်တွေ ပါတယ်။ ဆရာသမဂ္ဂက ကိုယ်စားလှယ်တွေ ပါရမယ်။ သူက ညွှန်/ချုပ်တို့၊ ပါ/ချုပ်တို့ အာဏာပိုင်နဲ့ပဲ ဖွဲ့ထားတဲ့အဖွဲ့။ ဖွဲ့ထားတဲ့အဖွဲ့ ဆိုတော့ ဒီအဖွဲ့ရဲ့ ဖွဲ့စည်းတဲ့ ပုံသဏ္ဌာန်ကိုက ဒီမိုကရက်တစ် မကျဘူး။ မူလမွေးဖွားလာတဲ့ အစဉ်အလာကိုက ကျောင်းသားကို ဖိနှိပ်ဖို့၊ တက္ကသိုလ်တွေကို ဖိနှိပ်ဖို့ မွေးလာတယ်။ နောက်ထပ် ဖွဲ့တဲ့ဟာကလည်း ဒီပုံစံပဲထွက်လာမယ့် ပုံစံရှိတယ်. . .။ ဒီနေ့လုပ်တဲ့ မူဝါဒကော်မရှင်ဟာ စစ်အစိုးရရဲ့ အမွေဆက်ခံတဲ့ ကော်မရှင်တစ်ခုပဲ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဒီကော်မရှင်အပေါ်မှာ ယုံကြည်မှုလည်း မရှိဘူး။ ဘာမှပြင်ပေးနိုင်လိမ့်မယ်လို့လည်း မယုံကြည်ဘူး။ ကျွန်တော်တို့ တောင်းဆိုတာ ဒီကော်မရှင် ဖျက်ပေးဖို့ဆိုတာ အဓိကတစ်ချက် ပါတယ်။ ဒါပေမဲ့ မရဘူး။

Voice : နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောဖို့ရှိပါမလဲ ခင်ဗျ။

Dr. MT : ချုပ်ပြီးပြောရမယ် ဆိုရင်တော့ အမျိုးသားနေ့ စတင်ပေါ်ပေါက်တာကပဲ ပညာရေး ပြုပြင်ပြောင်းလဲရေးကြောင့် ပေါ်ပေါက်တာ။ အမျိုးသားပညာရေး စနစ်ကို ပြောင်းဖို့ ပေါ်ပေါက်တာ။ ဒီနေ့အထိလည်း လိုချင်တဲ့ပုံစံ ဘာမှမရတဲ့ အခါကျတော့ ပညာရေး ပြောင်းလဲဖို့ ကျွန်တော်တို့ ဆက်ပြီးတော့ တောင်းဆိုရမယ်။ ကျောင်းသားတွေရော၊ ပြည်သူရော ကြိုးစားရမယ်။ ပညာရေး လွတ်လပ်ခွင့် မရမခြင်း စနစ်ပြောင်းဖို့ တောင်းနေရမှာပဲ...။ ပညာရေး လွတ်လပ်ခွင့် ပြည့်ပြည့်ဝဝရတဲ့ အချိန်ထိအောင်တော့ တောင်းဆိုလှုပ်ရှားသွားရမယ်။ ပုံစံကတော့ တက်လာတဲ့ အစိုးရအပေါ် မူတည်ပြီး နည်းပရိယာယ်နဲ့ ပြောင်းရမှာပေါ့။  လူတိုင်းထွက်ပြီး လမ်းလျှောက်တောင်းဆိုဖို့တော့  ကျွန်တော်ပြောတာ မဟုတ်ပါဘူး။     

နေဇာကျော်




FOLLOW US