News

POST TAGGED AS

အမျိုးသမီး

04-Apr-2017

အမျိုးသမီး
အကြမ်းဖက်ခံရသည့် အမျိုးသမီးများ နားခိုနိုင်သည့် စံပြဂေဟာများ တည်ဆောက်မည်
မိတ္ထီလာ၊ ဧပြီ ၎

အကြောင်း အမျိုးမျိုးကြောင့် အကြမ်းဖက်ခြင်း ခံရသည့် အမျိုးသမီးများ ယာယီအနေနှင့် နားခိုနိုင်သည့် စံပြဂေဟာ (Safe House)များကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြိုးသုနန္ဒာက ပြောကြားသည်။
              
မြို့ကြီးများသို့ ရပ်ဝေးမှ အလုပ် လုပ်ကိုင်ရန် လာရောက်၍ တရားရင်ဆိုင်နေရသည့် အမျိုးသမီးများ၊ အိမ်ရှင် အနှိပ်စက်ခံရပြီး မိမိတို့ ရပ်ရွာဒေသကို မပြန်နိုင်သူများစသည့် အကြောင်း အမျိုးမျိုးကြောင့် အကြမ်းဖက်ခံရပြီး နေထိုင်စရာမဲ့နေသော အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံစွာဖြင့် ယာယီ နားခိုနိုင်မည့် Safe House များကို အာဆီယံဒေသတွင်း နိုင်ငံများ၏ စံနှုန်းအတိုင်း ထူထောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“Safe House ရဲ့ သဘော သဘာဝအရ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ပြောလို့မရပါဘူး။ အနည်းဆုံးတော့ ရန်ကုန်နဲ့ မန္တလေးမှာ ရှိမယ်။ အဲဒီနှစ်ခုဟာ ကျွန်မတို့အတွက် စံပြဂေဟာတွေ ဖြစ်ပါတယ်။ အမြန်ဆုံး ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်နေပါတယ်။ တရားဝင် မဖွင့်နိုင်သေးပေမယ့် ရန်ကုန်မှာတော့ လေးဦးကို လက်ခံ စောင့်ရှောက်ထားပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါ Safe House များတွင် နားခိုမည့် အမျိုးသမီးများအတွက် နေရာ ထိုင်ခင်း အပါအဝင် တစ်နေ့လျှင် ထမင်း သုံးနပ်၊ လစဉ်သုံးကျန်းမာရေး ပစ္စည်း ကဲ့သို့ တစ်ကိုယ်ရေသုံး ပစ္စည်းများအပြင် ကလေးရှိသည့် အားကိုးရာမဲ့ အမျိုးသမီးများ တစ်ပါတည်းလိုက်ပါ နေထိုင်နိုင်ရန် ကလေးများနှင့် သင့်လျော်မည့် ပတ်ဝန်းကျင်မျိုးကိုလည်း စီမံဆောင်ရွက်ပေးခြင်းနှင့် မသန်စွမ်း အမျိုးသမီးများကိုလည်း အဆင်ပြေစွာ နေထိုင်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။

ထို့အပြင် Safe House တစ်ခုတွင် အမျိုးသမီး နှစ်ဆယ်ဝန်းကျင်ခန့် နေထိုင်နိုင်မည်ဖြစ်ပြီး ဝန်ထမ်းအင်အား လုံခြုံရေး အင်အားပေးနိုင်ပါက လူဦးရေတိုးမြှင့် လက်ခံပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဂေဟာများ ထူထောင်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ဘတ်ဂျက် ချထားပေးမှု မရှိသေး၍ လိုအပ်မည့် ရန်ပုံငွေကို ပြည်တွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်း သုံးခုထံမှ အကူအညီ ရယူထားပြီး ငွေလုံး ငွေရင်းနှင့် ကုန်ကျမည့် အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းများအတွက် “စု” ဖောင်ဒေးရှင်းနှင့် ချိတ်ဆက် လုပ်ကိုင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

R-01



FOLLOW US