News

POST TAGGED AS

အမျိုးသမီး

အမျိုးသမီးနေ့မှသည် အမျိုးသမီး ပညာရေးဆီသို့

Hidden Figures ဆိုသည့် ရုပ်ရှင်ဇာတ်ကားထဲတွင် သရုပ်ဆောင် လူမည်း အမျိုးသမီးက ဗာဂျီနီးယား တရားရုံးတွင် အမှုလာပြီး ရင်ဆိုင်သည်။ သူက ဒေသတွင်း ဖွင့်ထားသည့် လူဖြူ အင်ဂျင်နီယာကျောင်းများတွင် တက်ရောက် ပညာသင်ကြားခွင့်အတွက် လာရောက် အရေးဆိုခြင်းဖြစ်သည်။ သူ၏ အရေးဆိုမှု အောင်မြင်သွားသည်။ အမေရိကန် စစ်တပ်တွင် စစ်မှုထမ်းခွင့် ရရုံမက ကောလိပ်လည်း တက်ခွင့် ရသွားသည်။ ရုပ်ရှင်ထဲတွင် မေရီဂျက်ဆန်က “ပထမ ဖြစ်ခွင့်”ကို တောင်းဆိုသွားသည်။ ပထမဖြစ်ခွင့်ကို ပထမဆုံး ပေးလိုက်သူအဖြစ် တရားသူကြီးကလည်း သမိုင်းဝင်နိုင်သလို သူလည်း ပထမဆုံး သမိုင်းဝင် အမျိုးသမီးတစ်ဦး ဖြစ်သွားနိုင်သည်ဟု လျှောက်လဲသည်။ သူလည်း NASA ၏ ပထမဆုံး အမျိုးသမီး အင်ဂျင်နီယာ အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကမ္ဘာ့ ပထမဆုံး အမျိုးသမီးများအဖြစ် နေရာရလာရေးသည် သမိုင်းပေး တာဝန်တစ်ခု ဖြစ်လာသည်။ ကမ္ဘာပေါ်တွင် အမျိုးသမီးများ ရှေ့တန်း ရောက်လာရေး ဆိုသည်မှာ ရတောင့်ရခဲသည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ အမျိုးသမီးတို့ကို ဦးဆောင်ဦးရွက်မှု ပြုနေရသည့် နေရာများတွင် တာဝန်ပေးရန် ဆုံးဖြတ်ပိုင်ခွင့်သည်လည်း ပြည်သူများတွင် တာဝန်တစ်ရပ် ဖြစ်လာသည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ကျောင်းနေအရွယ် အမျိုးသမီးငယ်ပေါင်း သန်း ၁၃၀ ခန့်သည် ကျောင်းမတက်နိုင်ကြသေးသည့် အခြေအနေကို  ရောက်ရှိနေကြသေးသည်။ အကြောင်းရင်းကို ဆန်းစစ်လျှင် ငွေကြေး ပြဿနာကြောင့် ဖြစ်နေသည်။ ကမ္ဘာ တစ်ဝန်းလုံးရှိ အမျိုးသမီးများ ပညာ သင်ကြားခွင့်ရရန်  စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများကလည်း ပိတ်ပင် တားဆီးမှုများ ရှိနေသေးသည်။ ကလေးတိုင်းအတွက် ပညာရေး ဖြစ်သင့်သလို အမျိုးသမီးတိုင်းအတွက် ပညာရေးကိုလည်း ဝိုင်းဝန်းထောက်ပံ့ အကူအညီပေးရန် လိုအပ်လာသည်။

ကမ္ဘာ့ပညာရေးစနစ်က ပုံစံ ပြောင်းသွားသည်။ လူတိုင်း ပါဝင်နိုင်သည့် ပညာရေး၊ လူတိုင်း သင်ယူနိုင်သည့် ပညာရေး၊ လူတိုင်းအတွက် အရည်အသွေးမီ ပညာရေး၊ ဘဝတစ်သက်တာ ပညာရေးဆိုသည့် လမ်းကြောင်းများကို ပြောင်းလာကြောင်း သတိပြုကြရမည်ဖြစ်သည်။ 

ပညာရေးပန်းတိုင် “Sustainable Development Goal” သည် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်ပြီး ဖြစ်နေရန် ကတိပြုထားကြသည်။ ထိုသို့ ပန်းတိုင်ကို ရောက်ရန်ဆိုသည်မှာ ပညာရေးကို အေးချမ်းစွာ သင်ယူခွင့် ရရေးနှင့် လူတိုင်း ပါဝင် သင်ကြားခွင့်ရရေး ဖြစ်သည်။

ကလေးတစ်ယောက်ကို ပညာ သင်ကြားပေးခြင်းထက် အမျိုးသမီးတစ်ဦးကို ပညာသင်ကြားပေးလိုက်ခြင်းက လောကကြီးတစ်ခုလုံးကို အလှဆင်ပေးလိုက်သလို ဖြစ်စေနိုင်ပါသည်။ အမျိုးသမီးများ ပညာတတ်မှ ကလေးများ မွေးဖွားနှုန်း၊ သေဆုံးနှုန်းများကို ထိန်းညှိနိုင်မည်။ အမျိုးသမီးများ ပညာများများ တတ်မှ အနာဂတ်ကို စီမံဖန်တီးနိုင်မည့် မျိုးဆက်သစ်များကို ကောင်းမွန်စွာ မွေးထုတ်ပေးနိုင်မည်။

အမျိုးသမီးတစ်ဦးကို တစ်နှစ် ပညာသင်ကြား ခွင့်ရရန် အခွင့်အရေး တိုးမြှင့်ပေးလိုက်ခြင်းသည် အသက် ၅ နှစ်အောက် ကလေးများ သေဆုံးနှုန်းကို ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ရာ ရောက်ကြောင်း ပညာရေး ကော်မရှင်က ထုတ်ပြန်ထားသည်။ 

၂၀၁၇ ခုနှစ် ပညာ သင်ကြားခွင့်ရမည့် ကလေးများအနေနှင့် သူတို့ မိဘများထက် ပညာရေး အသုံးစရိတ်ကို ၁၂ ဆ ပိုသုံးမည် ဖြစ်သော်လည်း သူတို့ ပြန်ရှာပေးနိုင်သည့် တန်ဖိုးမှာ သူတို့မိဘများ ရှာနိုင်သည့် ပမာဏထက် ၅ ဆ ပိုပြီး ရှာဖွေနိုင်ပေလိမ့်မည်။ 

ပညာရေးကို ကမ္ဘာက စိတ်ဝင်စားမှု နည်းလာသည်။ ၂၀ဝ၂ ခုနှစ်ကတည်းက နိုင်ငံတကာမှ ပညာရေး အထောက်အပံ့များက ၁၃ ရာခိုင်နှုန်းခန့်အထိ  ကျဆင်းလာသည်။ နိုင်ငံများတွင် ဝင်ငွေ ကျဆင်းလာသည်နှင့်အမျှ ပညာရေးတွင် အသုံးစရိတ်များကို လျှော့ချလာခြင်းကြောင့် ၂၀၃၀ ပညာရေး ပန်းတိုင်သို့ အရောက် လှမ်းနိုင်ရန် မဖြစ်နိုင်သေးပေ။

နိုင်ငံတကာတွင် ကလေးများသည် အရေးပေါ် အခြေအနေများကြား၌ နာလန် မထူနိုင်ဖြစ်နေသည်။ စစ်ပွဲနှင့် မငြိမ်းချမ်းသည့် ပြည်တွင်းရေး အခြေအနေများက ကလေးများကို စာသင်ခန်းနှင့် အလှမ်းဝေးစေသည်။ ပညာရေးတွင် လိုအပ်ချက်ကို သင်ပေးရမည့်အစား ကြီးပွား ချမ်းသာရေးအတွက် ပညာ သင်ပေးနေရသည့် အနေအထားကို မျှော်ကြည့်နေကြ သည်။

ပညာရေးကော်မရှင်၏ Learning Generation အစီရင်ခံစာတွင် ၂၀၃၀ ပြည့်နှစ် ရောက်သည့်တိုင် ကလေး ၈၂၅ သန်း၏ ပညာရေး အနေအထားမှာ အလားအလာ မကောင်းနိုင်သေးဟု ဆိုထားသည်။ ကမ္ဘာ့ကလေးဦးရေ ၁ ဒသမ ၆  ဘီလီယံခန့်ကို အလယ်တန်းပညာ မသင်မနေရ ပညာရေးအဖြစ် သတ်မှတ်ပေးရန် မျှော်မှန်းထားသော်လည်း ထက်ဝက်ပင် ကျော်နိုင်မည့် အနေအထားတွင် မရှိဟု ထိုအစီရင်ခံစာက ဆိုထားသည်။

ယခုအခါ ကမ္ဘာ့နေရာ အနှံ့တွင် သန်းနှင့်ချီသည့် ရွှေ့ပြောင်းကလေးများ၏ ပညာသင်ကြားနိုင်မှု အခွင့်အရေးများ ဆုံးရှုံးလျက်ရှိ နေသည်။ လက်ဘနွန်နှင့် ချတ်နိုင်ငံများတွင် ထောင်ပေါင်းများစွာသော ဒုက္ခသည်ကလေးများမှာ စာသင်ခန်းအတွင်း မရောက်နိုင်သေး။ ထိုကလေးပေါင်း များစွာ၏ မရေရာသော အနာဂတ်သည် ၂၀၃၀ ပညာရေးပန်းတိုင်ကို အဟန့်အတား ဖြစ်စေနိုင်သည်။

ယခုမှသည် နောက်နှစ်ပေါင်း ၁၀ဝ တိုင် အကောင်းဆုံး လုပ်နိုင်သည့်နည်းမှာ ရသည့်ဘက်က အကောင်အထည်ဖော်ပြီး အနာဂတ်ကို တည်ဆောက်ရန်ဖြစ်သည်။ အမျိုးသမီးများကို ပညာတတ်များ ဖြစ်အောင် လုပ်ပေးခြင်းဖြင့်သာ အနာဂတ်ကို အကောင်းဆုံး ပြုပြင်နိုင်မည်ဖြစ်သည်။

E01
(Sourcer : CNN)



FOLLOW US