News

POST TAGGED AS

အမျိုးသမီး

နေပြည်တော် တပ်ကုန်းတွင် အလုပ်သင်ရှေ့နေ အမျိုးသမီးတစ်ဦး လည်လှီး အသတ်ခံရ
ရန်ကုန်၊ ဩဂုတ် ၂၇

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းတွင် ဩဂုတ်လ ၂၇ ရက် နံနက် ၈ နာရီဝန်းကျင်က အသက် ၂၈ နှစ်အရွယ်ရှိ အလုပ်သင်ရှေ့နေ အမျိုးသမီးတစ်ဦး လည်လှီး အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူ အမျိုးသမီးမှာ ယင်းနေ့ နံနက်ပိုင်းက ၎င်း၏ ဖခင်ဖြစ်သူနှင့်အတူ မော်တော်ဆိုင်ကယ်ဖြင့် တပ်ကုန်းမြို့နယ် တရားရုံးသို့ သွားစဉ် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၇၃/၁ အရောက် ခင်ပွန်းဟောင်းဖြစ်သူ အသက် ၄၅ နှစ် အောင်စိုး (ခ) မောင်စိုးက အသင့်ယူဆောင်လာသည့် ဓားမြှောင်ဖြင့် အလုပ်သင်ရှေ့နေ အမျိုးသမီး၏ လည်ပင်းကို လှီးကာထွက်ပြေးတိမ်းရှောင်သွားကြောင်း အမှုဖွင့်တိုင်ချက်အရ သိရသည်။

“အသတ်ခံရတဲ့ အမျိုးသမီးနဲ့ ပြစ်မှုကျူးလွန်သူက တရားဝင်ကွာရှင်းထားတာ တစ်နှစ်လောက်ရှိပြီ။ လူချင်းဆုံတိုင်း ပြစ်မှုကျူးလွန်သူက သေဆုံးသူအမျိုးသမီးကို အမြဲရန်ရှာတတ်တယ်လို့ သိရတယ်။ လောလောဆယ်တော့ တရားခံဖမ်းမိဖို့အရေး အပူတပြင်း လိုက်လံပိတ်ဆို့ရှာနေ ပါတယ်”ဟု ရဲအရာရှိက ပြောသည်။

သေဆုံးသူ အလုပ်သင်ရှေ့နေ အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူတို့မှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က ပျော်ဘွယ်မြို့နယ် တရားရုံးတွင် နှစ်ဦးသဘောတူ တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြပြီး အခင်းဖြစ်နေ့က ရန်ကုန်-မန္တလေး ကားလမ်းတွင် ရုတ်တရက် တွေ့ဆုံချိန် ဆိုင်ကယ်ကို လမ်းဘေးချရပ် ၍ တိမ်းရှောင်နေစဉ် အောင်စိုး (ခ) မောင်စိုးက ၎င်း၏ ဇနီးဟောင်းကို ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး လွယ်အိတ်ထဲ ပါလာသည့် ဓားမြှောင်ဆွဲထုတ်ကာ လည်ပင်းကို လှီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ လူသတ်မှု ဖြစ်စဉ်ကို သေဆုံးသူနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် ၎င်း၏ ဖခင် ရဲတပ်ကြပ် (အငြိမ်းစား) အသက် ၆၃ နှစ် ဦးအောင်မောင်းထံမှ သိရှိရပြီး တပ်ကုန်းမြို့နယ်၊ ဆည်ထိပ် ကျေးရွာတွင် နေထိုင်သူ အောင်စိုး (ခ) မောင်စိုးကို တပ်ကုန်းမြို့မရဲစခန်းက (ပ) ၂၁၈/၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက်လျက်ရှိသည်။

S-03



FOLLOW US