News

POST TAGGED AS

အမျိုးသမီး

သမိုင်းလမ်းဆုံအနီးတွင် မိန်းကလေးငယ်များ ပျောက်ဆုံး
ရန်ကုန်၊ ဇွန် ၇

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်နေသည့် သမိုင်းလမ်းဆုံအနီး မိန်းကလေးငယ်များ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ လတ်တလော ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း မရမ်းကုန်း မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောကြားသည်။

“ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားသူတွေက ပြန်ရှာမတွေ့သေးဘူးလို့ သိရတယ်။ လတ်တလော စုံစမ်းနေဆဲပါ။ မုဒိတာအိမ်ရာဝင်းက လူကုန်ကူးမှုမှာ ပါဝင်နေတဲ့ မိန်းကလေးတွေနဲ့ အခုလူပျောက်တိုင်ချက်ဖွင့်ထားတဲ့ မိန်းကလေးတွေက ဘာမှပတ်သက်မှု မရှိပါဘူး။ ဟိုမိန်းကလေးတွေက နယ်ကလာတဲ့သူတွေပါ”ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသည်။

မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သုံးရက်အတွင်း သမိုင်းလမ်းဆုံအနီး၌ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်လေးဦး ပျောက်ဆုံးခဲ့ကြောင်း၊ ယင်းပျောက်ဆုံးနေသည့် မိန်းကလေးငယ်များ၏ ဓာတ်ပုံနှင့်စာများ ပါရှိသော စာရွက်စာတမ်းများမှာ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

“သမီးလေး မေနဒီအောင်က ဆယ်တန်းစာမေးပွဲအောင်ပြီး နောက်တစ်ရက်မှာ ပျောက်သွားတာ။ သူနဲ့အတူ သူ့ သူငယ်ချင်း နှင်းဝတ်ရည်ကျော်ရော ပျောက်နေတာ အခုထိ ပြန်ရှာမတွေ့သေးဘူး။ ဇွန်လ ၂ ရက် ညအထိ သမီးလေးရဲ့ သူငယ်ချင်း နှင်းဝတ်ရည်ကျော်က သူ့ အမေဆီ သမီးတို့ သမိုင်းလမ်းဆုံနား ပြန်ရောက်နေပြီ ပြောသွားသေးတယ်။ အဲဒီနောက်ပိုင်းဖုန်းက အခုချိန်ထိ ခေါ်မရတော့ဘူး”ဟု ပျောက်ဆုံးနေသော မေနဒီအောင်၏ မိခင်ဖြစ်သူ ဒေါ်ဌေးဌေးသန်းက ပြောဆိုသည်။

အဆိုပါ မိန်းကလေးငယ်များ ပျောက်ဆုံးခဲ့သည့် မရမ်းကုန်းမြို့နယ်တွင် ဇွန်လ ၅ ရက်နေ့က မုဒိတာအိမ်ရာဝင်း တိုက်အမှတ် (B) ရှိ တိုက်ခန်းတစ်ခန်းကို တာဝန်ရှိသူများက ဝင်ရောက် စစ်ဆေးခဲ့ရာ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း လိုင်စင်မရှိဘဲ အမျိုးသမီး ၁၀ ဦးကျော်ကို ပြည်ပသို့ ပို့ဆောင်ရန် စီစဉ်နေသည့် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ပသို့ တရားဝင် ပတ်စ်ပို့ကိုင်ဆောင်၍ သွားရောက် အလုပ်လုပ်ကိုင်မည့် အမျိုးသမီးများမှာ တောင်ငူ၊ တောင်တွင်းကြီး၊ ကယားပြည်နယ်တို့မှ လာရောက်ကြသူများဖြစ်ပြီး ပို့ဆောင်ပေးမည့် အမျိုးသားမှာ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း လိုင်စင်မရှိသောကြောင့် ၎င်းကို အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03



FOLLOW US