News

POST TAGGED AS

အမျိုးသမီး

ဆိုမာလီယာတွင် ခင်ပွန်း ၁၁ ယောက်ယူသည်ဟု စွပ်စွဲခံရသောအမျိုးသမီးကို အယ်လ်ရှာဘတ်အဖွဲ့က ကျောက်တုံးဖြင့်ပေါက်သတ်


မိုဂါဒစ်ရှူး၊ မေ ၁၀

ဆိုမာလီယာနိုင်ငံတွင် ခင်ပွန်း ၁၁ ယောက်ယူသည်ဟု စွပ်စွဲခံရသော အမျိုးသမီးတစ်ဦးကို အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့က ကျောက်တုံးဖြင့် ပေါက်သတ်ခဲ့ကြောင်း ယင်းအဖွဲ့၏ရေဒီယို Andalus တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၃၀ အရွယ်ရှိ ရှူကရီအဗ္ဗ ဒူလာဟီဆိုသော အမျိုးသမီးသည် ခင်ပွန်း ၁၁ ယောက် ဆက်တိုက်ယူခဲ့ပြီး တစ်ဦးနှင့်မျှ ကွာရှင်းခဲ့ခြင်းမရှိသည့်အတွက် အပြစ်ရှိကြောင်း အောက်ပိုင်း ရှာဘဲလ်ဒေသရှိ အယ်လ်ရှာဘတ်အဖွဲ့ကွပ်ကဲသော တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ထိုအမျိုးသမီးသည် ခင်ပွန်းသည်အများအပြားရှိခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု အယ်လ်ရှာဘတ်အဖွဲ့ကခန့်ထားသည့် တရားသူကြီးက ပြောကြားသည်။

ဒေသခံများကို သက်သေထားပြီး အဆိုပါအမျိုးသမီးကို ပြည်သူ့ရင်ပြင်တွင် ခေါင်းသာဖော်ပြီး တစ်ကိုယ်လုံး မြေမြှုပ်ထားကာ အယ်လ်ရှာဘတ်အဖွဲ့သားများက ကျောက်တုံးများဖြင့် မသေမချင်းပေါက်သတ်ခဲ့ခြင်းဖြစ်သည်။

အယ်လ်ကေဒါအဖွဲ့နှင့် ချိတ်ဆက်မှုရှိသော အယ်လ်ရှာဘတ်အဖွဲ့သည် ဆိုမာလီယာတွင် အစ္စလာမ္မစ်နိုင်ငံထူထောင်ရန် ကြိုးပမ်းနေပြီး ၎င်းတို့ထိန်းချုပ်ထားနိုင်သောဒေသများတွင် တင်းကျပ်ပြင်းထန်သော ရှာရီးယားဥပဒေများဖြင့် အုပ်ချုပ်လျက်ရှိသည်။ အယ်လ်ရှာဘတ်အဖွဲ့က ထူထောင်ထားသော တရားရုံးများတွင် တရားခံဘက်မှ ရှေ့နေငှားပိုင်ခွင့်၊ အယူခံဝင်ပိုင်ခွင့် မရှိပေ။

အယ်လ်ရှာဘတ် စစ်သွေးကြွများသည် သူလျှိုဟု သံသယရှိသူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူဟု စွပ်စွဲခံရသူများကိုလည်း အလားတူကျောက်တုံဖြင့် ပေါက်သတ်လေ့ရှိသည်။

ဆိုမာလီယာတွင် အိမ်ထောင်ဖက်အများအပြားယူခြင်းမှာ ပုံမှန်ဖြစ်ပြီး အမျိုးသားများသည် ဇနီးလေးဦးအထိ ထားပိုင်ခွင့်ရှိသည်။ သို့သော်လည်း အမျိုးသမီးများမှာမူ အမျိုးသမီးသည် မူလခင်ပွန်းနှင့် မကွာရှင်းရသေးဘဲ နောက်တစ်ယောက်ထပ်ယူပါက ကြီးလေးသောပြစ်ဒဏ် ချမှတ်ခံရနိုင်သည်။ 

F-03



FOLLOW US