News

POST TAGGED AS

အမျိုးသမီး

မန္တလေး ပုသိမ်ကြီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့
မန္တလေး၊ မေ ၆

ပုသိမ်ကြီးမြို့နယ် ဘိုတက်ကုန်း ကျေးရွာအတွင်းရှိ လယ်ကွက်တစ်ခုအတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်း မေလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်က တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

“သေနေတာကတော့ ခန့်မှန်းခြေ နှစ်ရက်လောက်ရှိပြီ။ လူသတ်မှုဖြစ်တာပါ။ အခုတော့ သေဆုံးသူအမျိုးသမီးက ဘယ်သူမှန်း မသိသေးတဲ့အတွက် ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ဘိုတက်ကုန်းကျေးရွာ ၄၄ လမ်း အရှေ့ဘက်ရှိ မြေကွက်တစ်ခုကို ကာရံထားသည့် အုတ်တံတိုင်းဘေးတွင်သေဆုံးနေပြီး ပုပ်ပွနေသည့် အသက် ၂၅ နှစ်ခန့်အရွယ် အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အလောင်းတွင် လုံချည်အမည်းရောင်နှင့် အတွင်းခံအင်္ကျီတစ်ထည်သာတွေ့ရပြီး ဦးခေါင်းကိုရေအိုးကွဲတစ်ခုဖြင့် စွပ်ထားသည့်အပြင် စောင်တစ်ထည်ဖြင့်လည်း ဖုံးထားသည်ကိုတွေ့ရှိခဲ့ကာ အလောင်းတွင် နဖူးချိုင့်ဝင်ဒဏ်ရာ၊ လက်မောင်း ညိုမည်းဒဏ်ရာများ တွေ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါအမျိးသမီးအလောင်းကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးထားပြီး အုန်းချောနယ်မြေ ရဲစခန်းက (ပ) ၈၄/၂၀၁၈၊ လူသတ်မှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှလည်း သိရသည်။  

M-04



FOLLOW US