News

POST TAGGED AS

အမျိုးသမီး

FDA ဝန်ထမ်း အမျိုးသမီး အဓမ္မပြုကျင့်အသတ်ခံရမှု တရားလိုအပါအဝင် ရဲအရာရှိလေးဦးကို စစ်ဆေး
ရန်ကုန်၊ မတ် ၅

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဒုဦးစီးမှူး မရွှေရည်ဝင်းကို လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းများလုယူမှုဖြင့် ဖမ်းဆီးထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး၏အမှုကို မတ်လ ၅ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုအပါအဝင် ရဲအရာရှိလေးဦးကို စတင်စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ယင်းအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးရှိ ဒုခရိုင်တရားသူကြီး (၄) တရားခွင်တွင် စတင်စစ်ဆေးခဲ့ပြီး တရားလိုဖြစ်သူ ဒုရဲအုပ်ချမ်းမြေ့အောင်နှင့် ရဲအုပ်အောင်ကိုသန့်၊ ရဲအုပ်အောင်ကိုဝင်းနှင့် ဒုရဲအုပ်ဝင်းခိုင်တို့ကို စစ်ဆေးခဲ့ပြီး နောက်လာမည့်အပတ် ရုံးချိန်းကို မတ်လ ၁၂ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

လူသတ်မှု ပုဒ်မ ၃၀၂၊ မုဒိမ်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ဆံမှု ပုဒ်မ ၃၇၇၊ လုယက်မှု ပုဒ်မ ၃၉၄ ဖြင့် တရားစွဲဆိုထားသော အသက် ၂၇ နှစ်အရွယ် မျိုးဇော်ဦး၏အမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၃၅ ဦးကို စစ်ဆေးသွားမည်ဖြစ်သည်။ 

ပုဒ်မလေးခုဖြင့် တရားစွဲဆိုစစ်ဆေးနေသော အငှားယာဉ်မောင်း မျိုးဇော်ဦးမှာ လှည်းတန်းလမ်းဆုံမှ ဒဂုံမြို့နယ်သို့ ကျပ် ၂၅၀၀ ဖြင့် လိုက်ပို့ခိုင်းသည့် ခရီးသည်အမျိုးသမီးကို ယာဉ်အတွင်း လေအေးပေးစက် ဖွင့်ပေးခ ကျပ်တစ်ထောင်ပိုပေးရန် တောင်းဆိုရာမှ နှစ်ဦးစကားများခဲ့ပြီး ၎င်းက ဝက်အူလှည့်ဖြင့် အမျိုးသမီး၏ လည်ပင်းကိုထိုးကာ ထပ်မံ၍ လည်ပင်းကို ညှစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံတွင် ဝန်ခံထွက်ဆိုထားသည်။

ယင်းအပြင် ၎င်းက အငှားယာဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်၊ ငမိုးရိပ်ချောင်းအနီးသို့ မောင်းနှင်ခဲ့ပြီး ခရီးသည်အမျိုးသမီးကို မုဒိမ်းကျင့်၍ ပစ္စည်းများ လုယူခဲ့ပြီးနောက် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ချောင်းကမ်းစပ်အနီးတွင် စွန့်ပစ်ခဲ့သည်။

၎င်းစွန့်ပစ်ထားခဲ့သည့် သေဆုံးသူအမျိုးသမီးမှာ ဒဂုံမြို့မရဲစခန်းတွင် လူပျောက် တိုင်ချက်ဖွင့်ထားသော နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုဦးစီးမှူး တာဝန်ထမ်းဆောင်နေသည့် အသက် ၂၅ နှစ် မရွှေရည်ဝင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီးနောက် သေဆုံးသူ၏ ပျောက်ဆုံးနေသော လက်ကိုင်ဖုန်းတစ်လုံးကို ယုဇနပလာဇာရှိ ဖုန်းအပြင်ဆိုင်တစ်ဆိုင်တွင် မျိုးဇော်ဦးက ဖုန်းဆော့ဖ်ဝဲလာထည့်ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US