News

POST TAGGED AS

အမျိုးသမီး

ဧရာဝတီတိုင်း ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ ဂုဏ်ပြုပူဇော်ပွဲ၌ သာမဏေနှစ်ပါး ပါဝင်
ပုသိမ်၊ ဖေဖော်ဝါရီ ၁၈ 

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများကို ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်က ဧရာဝတီတိုင်းအစိုးရက ကျင်းပခဲ့ရာ အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် အထူးအောင် သာမဏေနှစ်ပါးကို ထည့်သွင်းပူဇော် ဂုဏ်ပြုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများကို ကပ်လှူပူဇော်ရာတွင် ဧရာဝတီတိုင်းက ဘွဲ့တံဆိပ်ရ ဆရာတော်ကြီး ၇ ပါး ရှိခဲ့ကြောင်း၊ ယင်းအပြင် ၂၀၁၇ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၌ တစ်နိုင်ငံလုံးတွင် တတိယဆု ပါဠိဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကိုရင်တစ်ပါးနှင့် ပထမငယ်တန်း၌ တစ်နိုင်ငံလုံးတွင် ပထမဂုဏ်ထူးရသော ကိုရင်တစ်ပါးတို့ကိုပါ ထည့်သွင်းပူဇော်ခဲ့ကြောင်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ 

ဘွဲတံဆိပ်တော်ရ ဆရာတော်ကြီးများကို ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့ကြောင်း၊ ကိုရင်ငယ်များက ထူးချွန်စွာ အောင်မြင်သည့်အတွက် ကြည်ညိုရသဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူရာတွင်လည်း ပိုမိုလှူဒါန်းခဲ့ကြောင်း ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ပါဝင်ခဲ့သည့် ဒေါ်ခင်ခင်ထွန်းက ပြောသည်။ 

ပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း၌ တစ်နိုင်ငံလုံးတွင် တတိယဆု (ပါဠိဂုဏ်ထူး) ရရှိခဲ့သည့် ရှင်သာမဏေမှာ သက်တော် ၁၈ နှစ်ရှိ ရှင်ဩဒါတဖြစ်ပြီး မြောင်းမြမြို့တွင် သီတင်းသုံးကြောင်း၊ ပထမငယ်တန်း၌ တစ်နိုင်ငံလုံးတွင် ပထမရရှိခဲ့သော ရှင်သာမဏေမှာ သက်တော် ၁၇ နှစ်ရှိသည့် ရှင်သိရိန္ဒရဖြစ်ပြီး ညောင်တုန်းမြို့တွင် သီတင်းသုံးကြောင်း တိုင်းဒေသကြီးသာသနာရေးမှူးရုံးထံမှ သိရသည်။



FOLLOW US