News

POST TAGGED AS

အမျိုးသမီး

မော်လ်ဒိုက်အကျပ်အတည်းကို အိန္ဒိယစစ်တပ်စေလွှတ်ဖြေရှင်းပေးရန် သမ္မတဟောင်း မေတ္တာရပ်ခံ


နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁

ကျွန်းနိုင်ငံငယ်လေး မော်လ်ဒိုက်သမ္မတ အဗ္ဗဒူလာရာမင်က အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံရေးရန်ဘက်များကို ဖမ်းဆီးမှုများ ပြုလုပ်နေချိန်တွင် သမ္မတဟောင်း မိုဟာမက်နာရှီးဒ်က အိမ်နီးချင်းအိန္ဒိယထံ အကူအညီတောင်းခံခဲ့ကြောင်း Financial Times သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းမှ ထင်ရှားသော အပန်းဖြေကျွန်းနိုင်ငံတွင် တရားရုံးချုပ် တရားသူကြီးနှစ်ဦးအပါအဝင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်စေရန် ကိုယ်စားလှယ်တစ်ဦး ဦးဆောင်ပြီး မော်လ်ဒိုက်သို့ စစ်တပ်စေလွှတ်ပေးရန် သမ္မတဟောင်းနာရှီးဒ်က တွစ်တာလူမှုကွန်ရက်၌ ရေးသားတောင်းဆိုခဲ့သည်။ နာရှီးသည် သီရိလင်္ကာနိုင်ငံတွင် တိမ်းရှောင်နေရသူဖြစ်သည်။

“မော်လ်ဒိုက်ပြည်သူတွေကိုယ်စား အင်အားသုံး ကူညီပေးဖို့ တောင်းဆိုပါတယ်”ဟု နာရှီးဒ်က ရေးသားခဲ့သည်။

ယခုကဲ့သို့ စစ်ရေးအရစွက်ဖက်ရန် လူသိရှင်ကြား မေတ္တာရပ်ခံမှုမှာ သူ့နောက်ဖေးပေါက်တွင် ဖြစ်နေသော နိုင်ငံရေးအကျပ်အတည်းကို ရပ်ကြည့်နေသည့် အိန္ဒိယကို လှုပ်နှိုးလိုက်မှုလည်းဖြစ်သည်။

နာရှီးဒ်၏တောင်းဆိုမှုမှာ အိန္ဒိယမှ စစ်ရေးလိုလားသော နိုင်ငံခြားရေးမူဝါဒ ကိုင်စွဲသူများနှင့် တစ်ထပ်တည်းရှိနေသည်။ 

ကျွန်းငယ်ကို အာဏာရှင်ဆန်စွာ အုပ်ချုပ်နေသည့် ယာမင်သည် အိန္ဒိယကမ်းရိုးတန်းအနီးတွင် မဟာဗျူဟာမြောက် ခြေကုပ်ယူရန် ကြိုးပမ်းနေသည့် တရုတ်ကို ခွင့်ပြုပေးထားပြီး အိန္ဒိယ၏ ပူပန်မှုများကို လျစ်လျူရှုထားရာ မောလ်ဒိုက်သို့ အိန္ဒိယတပ်များစေလွှတ်ပြီး ဖြုတ်ချရန် စဉ်းစားချင့်ချိန်မှုများ ရှိနေသည်။

“ဒါဟာ အိန္ဒိယက ကျိန်းသေပေါက် ဝင်စွက်ရမယ့် အခြေအနေပါ။ အာဏာရထားတဲ့အစိုးရက ဒီမိုကရေစီနည်းမကျသလို ဒီမိုကရေစီဆန့်ကျင်ရေးပါ လုပ်နေပါတယ်။ အိန္ဒိယကို တရုတ်ဖဲချပ်နဲ့ ပေါ်တင်ဖြဲနေတာပါ”ဟု အစိုးရမူဝါဒရေးရာ အကြံပေးအဖွဲ့ Tajshashila Institution တည်ထောင်သူ နီတင်ပိုင်က သုံးသပ်ခဲ့သည်။

သို့သော်လည်း စစ်ရေးစွက်ဖက်မှုမှာ စွန့်စားရနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

“မော်လ်ဒိုက်မြို့တော် မာလီကို ဝင်သိမ်းဖို့ လေးနာရီငါးနာရီပဲ အချိန်ယူရမယ်။ ဒါပေမဲ့ မေးခွန်းက ဘယ်သူ့ကို အိန္ဒိယက နန်းတင်မှာလဲ၊ အိန္ဒိယရဲ့အဆုံးသတ် ကစားကွက်က ဘာဖြစ်လာမလဲ”ဟု နယူးဒေလီမူဝါဒ သုတေသနစင်တာမှ မဟာဗျူဟာရေးရာ ပါမောက္ခ ဗြဟ္မချယ်လာနေက သုံးသပ်သည်။

လက်ရှိအချိန်အထိမူ အိန္ဒိယအစိုးရက အင်အားသုံးမည့် အရိပ်အယောင် မပြသေးပေ။ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် မော်လ်ဒိုက်အကျပ်အတည်းအတွက် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ကြသည်။ 

မော်လ်ဒိုက်သမ္မတ ယာမင်ကလည်း တရုတ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျတို့သို့ ကိုယ်စားလှယ်များစေလွှတ်ပြီး သူ့အစိုးရအပေါ် ထောက်ခံမှုတောင်းခံထားသည်။ 

F-03



FOLLOW US