News

POST TAGGED AS

အမျိုးသမီး

အိမ်ထောင်သည် အမျိုးသမီးများ ကွမ်းစားမှုကြောင့် မွေးကင်းစကလေးအပေါ် ဆိုးကျိုးသက်ရောက်
ရန်ကုန်၊ ဇန်နဝါရီ ၃၀

အိမ်ထောင်ရှိ အမျိုးသမီးများသည် ကွမ်းယာ (ဆေးရွက်ကြီး) စားသုံးမှုကြောင့် ၎င်းတို့၏ကိုယ်ဝန်နှင့် မွေးကင်းစကလေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်က ဆေးသုသေသနသို့တင်သွင်းသည့် စာတမ်းများအရ သိရသည်။

အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုများကြောင့် သားပျက် သားလျှောခြင်း၊ သွေးလွန်ခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ မွေးရာပါချို့ယွင်းချက် ပါလာခြင်းနှင့် ကလေးခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်းများအပြင် မွေးကင်းစနှင့် လသားကလေးငယ်များ၌ အသက်ရှူလမ်းကြောင်းရောဂါများ၊ ရင်ကြပ်ပန်းနာရောဂါနှင့် နားပြည်ယိုခြင်းများ မကြာခဏ ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောဆိုသည်။

ထို့ကြောင့် ကျေးလက်နေ အိမ်ထောင်ရှိ အမျိုးသား၊ အမျိုးသမီးများ၏ ဆေးလိပ် ဆေးရွက်ကြီးသုံးစွဲမှု၊ ကိုယ်ဝန်နှင့် မွေးကင်းစ ကလေးအပေါ် ဆိုးကျိုးများ သက်ရောက်မှုနှင့် သဘောထားတို့ကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းနှင့် လေးမျက်နှာမြို့နယ်များအတွင်းရှိ ရွာ ၃၂ ရွာတွင် နေထိုင်သော အိမ်ထောင်ရှိ အမျိုးသားများနှင့် အမျိုးသမီးတို့ကို ၂၀၁၆ ခုနှစ်အတွင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အိမ်ထောင်ရှိ အမျိုးသမီးများတွင် လက်ရှိ ဆေးလိပ်သောက်သုံးသူ ၃ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ၂၃ ဒသမ ၄ ရာခိုင်နှုန်းသည် ဆေးရွက်ကြီး သုံးစွဲကြောင်း၊ ၂၀၁၄ ခုနှစ် အချက်အလက်များအရ ရန်ကုန်တိုင်းဒေသကြီးရှိ ၂၇ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများသည် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲလျက်ရှိကြောင်း ဆေးသုတေသန ဦးစီးဌာနသို့ တင်သွင်းသော သုတေသန စာတမ်းများတွင် ဖော်ပြထားသည်။

J-12



FOLLOW US