News

POST TAGGED AS

အမျိုးသမီး

မိန်းကလေးနှစ်ဦးအား တရုတ်မယားအဖြစ် ရောင်းမည့်သူ ၃ ဦးကို ဖမ်းမိ
ရန်ကုန်၊ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း ဒေသခံအမျိုးသမီးနှစ်ဦးကို တရုတ်အမျိုးသားများ၏ မယားအဖြစ် ရောင်းစားရန် စီစဉ်နေသူ အမျိုးသမီး သုံးဦးကို ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီခန့်ကဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် မအေးစန္ဒာ၊ အသက် ၃၁ နှစ်အရွယ် မအေးအေးအောင်နှင့် အသက် ၃၆ နှစ်အရွယ် ဒေါ်သေးသေးတို့သည် ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့သို့ အလုပ်လုပ်ရန် ရောက်ရှိလာသည့် မော်လမြိုင်ကျွန်းဒေသခံ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ကို ရန်ကုန်တွင် အလုပ်လုပ်ပါက အဆင်ပြေနိုင်မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်ပါက အဆင်ပြေစွာ နေရမည်ဖြစ်ပြီး ငွေများများ ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ ယင်းအမျိုးသမီးနှစ်ဦး၏ ဓာတ်ပုံများ ပို့ပေးခြင်း၊ ဗီဒီယိုဖိုင်ဖြင့် အင်တာဗျူးခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးတွေက ဧရာဝတီတိုင်း မော်ကျွန်းကပါ၊ ရန်ကုန်မှာ အလုပ်လုပ်လို့ရတယ်ဆိုပြီးခေါ်လို့ ရောက်လာတာ။ ဒီရောက်တော့မှ တရုတ်မယားအဖြစ် ရောင်းစားဖို့ ကြံစည်ပြီးပြောဆိုစည်းရုံးတာ။ ကောင်မလေးတွေက တရုတ်နိုင်ငံကို ရောင်းစားတဲ့သတင်းတွေ သိထားတော့ မလုပ်နိုင်ဘူး ငြင်းတဲ့အတွက် ရွာကလာတဲ့စရိတ်ကို ပြန်တောင်းတယ်။ အဲဒါနဲ့ ပါလာတဲ့နားကပ်လေးကိုရောင်းပြီး ပေးလိုက်တယ်။ ဒါပေမဲ့ အလုပ်လုပ်ဖို့ ကိစ္စပြောပြီးပြီဖြစ်လို့ ပြန်လွှတ်လို့မရဘူးဆိုပြီး ပြောတဲ့အတွက် ထွက်ပြေးလာတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

တရုတ်အမျိုးသားများ၏ မယားအဖြစ် ရောင်းစားရန် ကြံစည်ခဲ့သော အမျိုးသမီးသုံးဦးကို ဥပဒေအရ အရေးယူပေးပါရန် လှိုင်သာယာ မြို့မရဲစခန်းသို့ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးဝေလွင်က တရားလို ပြုလုပ်တိုင်တန်းရာ ယင်းမြို့မရဲစခန်းက (ပ) ၃၂၄/၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

J-16



FOLLOW US