News

POST TAGGED AS

အမျိုးသမီး

FDA ဝန်ထမ်း အမျိုးသမီး အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူဟုဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ငမိုးရိပ်ချောင်းကမ်းစပ်တွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် FDA ဝန်ထမ်း မရွှေရည်ဝင်း (ခ) ရွှေရည်ကို သတ်ခဲ့သူဟုဆိုသော အမျိုးသားတစ်ဦးကို ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)​မွန်းလွဲပိုင်းက မင်္ဂလာဈေးဝင်းတွင် ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

လူသတ်မှု ကျူးလွန်ခဲ့သူဆိုသော အသက် ၂၇ နှစ်အရွယ် မျိုးဇော်ဦးမှာ အငှားယာဉ်မောင်းဖြစ်ပြီး FDA ဝန်ထမ်း အမျိုးသမီး၏ ရုပ်အလောင်း တွေ့ရှိခဲ့သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သေဆုံးသူ အမျိုးသမီး၏ ဆမ်ဆောင်းအမျိုးအစား လက်ကိုင်ဖုန်းနှင့်အတူ ၎င်းကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ နယ်ထိန်းက မင်္ဂလာဈေးဝင်းထဲတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ အသက် ၂၅ နှစ် မရွှေရည်ဝင်း (ခ) ရွှေရည်မှာ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှ ရန်ကုန်ရှိ မိသားစု၏နေအိမ်သို့ ပြန်လာခဲ့သည်။ ယင်းနောက် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နေအိမ်မှ အလုပ်ကိစ္စဖြင့် အပြင်ထွက်သွားရာမှ ပျောက်ဆုံးခဲ့သောကြောင့် ဖခင်ဖြစ်သူက ဒဂုံမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ချက် ဖွင့်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ငမိုးရိပ်ချောင်းကမ်းစပ်တွင် ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာဖြင့် သေဆုံးနေသော မရွှေရည်ဝင်း (ခ) ရွှေရည်၏ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့သော်လည်း ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ နားကပ်နှင့် Foot Chain အပါအဝင် ဆမ်ဆောင်းလက်ကိုင်ဖုန်းတစ်လုံးမှာ ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖမ်းဆီးရမိသူ မျိုးဇော်ဦးကိုစစ်ဆေးခဲ့ရာ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်၌ အမျိုးသမီးတစ်ဦးမှ ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန်ရန်အတွက် ၎င်း၏ကားအား ငှားရမ်းခဲ့ကြောင်း၊ ကားပေါ်၌စီးနင်းလိုက်ပါခဲ့စဉ် ကားငှားရမ်းခနှင့်ပတ်သက်၍ ဈေးဆစ်ရာမှ စကားများခဲ့ပြီး အမျိုးသမီး၏ လည်ပင်းအား ညှစ်ရာ သတိလစ်သွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးကို ၎င်းနေထိုင်ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)သို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းဘေးအမှောင်အရိပ်တွင် အမျိုးသမီး၏ လည်ပင်းအား ကားပေါ်တွင် အသင့်ပါလာသည့် ဝက်အူလှည့်ဖြင့် (၁) ချက်ထိုးခဲ့ကြောင်း၊ သေဆုံးခြင်းမပြုမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီးနောက် အလောင်းအား တွေ့ရှိရသည့်နေရာ ငမိုးရိပ်ချောင်းလက်တက် ချောင်းကူးတံတားဘေးရှိ သစ်ပင်အောက်တွင်စွန့်ပစ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

မရွှေရည်ဝင်း (ခ) ရွှေရည်၏ ဈာပနကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။

S-03



FOLLOW US