News

POST TAGGED AS

အမျိုးသမီး

အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျပ်သိန်းသုံးထောင့်ငါးရာခန့် ကုန်ကျမည်ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ပြီး KBZ ဘဏ်၏ ထောက်ပံ့မှုဖြင့် ကျင်းပမည့် KBZ Bank Women's League ၂၀၁၇-၁၈ အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ကျပ်သိန်းသုံး ထောင့်ငါးရာခန့် ကုန်ကျမည်ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရှိရသည်။

ပြိုင်ပွဲဝင်မည့်အသင်းများကို ထောက်ပံ့ပေးမှုအပြင် ပြိုင်ပွဲကျင်းပရေးအတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင့်ငါးရာခန့် အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။ 

“ဒီနှစ်မှာ ပြိုင်ပွဲဝင်အသင်းတိုင်းကို မနှစ်ကထက် (ကျပ်) သိန်းတစ်ရာတိုးမြှင့် ထောက်ပံ့ပေးထားပါတယ်။ ရှုံးထွက်ပြိုင်ပွဲအတွက်လည်း အခြားစပွန်ဆာတစ်ခုခုနဲ့ ချိတ်ဆက်ကျင်းပမှာပါ”ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနှင့် ယခင်က ပြိုင်ပွဲဝင်တစ်သင်းလျှင် ကျပ်သိန်းနှစ်ရာစီ ထောက်ပံ့ပေးခဲ့ရာမှ ယခုနှစ်တွင် ပြိုင်ပွဲဝင်အသင်းရှစ်သင်းကို တစ်သင်းလျှင် ကျပ်သိန်း ၃၀ဝ ထောက်ပံ့ပေးမည်ဖြစ်ပြီး ရှုံးထွက်ပြိုင်ပွဲကိုလည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သည်။ 

ဒုတိယအကြိမ် ကျင်းပမည့် KBZ Bank Women's League ၂၀၁၇-၁၈ ပြိုင်ပွဲတွင် ပထမနှစ်ကပါဝင်ခဲ့သည့် မြဝတီ၊ သစ္စာအားမာန်၊ ISPE ၊ Sports & Education ၊ ဂန္ဓာမာ၊ ဇွဲကပင်၊ YREOအသင်းတို့အပြင် ယခုထပ်တိုးယှဉ်ပြိုင်မည့် တက္ကသိုလ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

KBZ ဘဏ်အနေနှင့် ယခုနှစ်ပြိုင်ပွဲအတွက် ကျပ်သိန်းသုံးထောင် ထောက်ပံ့ပေးမည်ဖြစ်ပြီး လိဂ်ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ ၂၇ ရက်နေ့ မှ ၂၀၁၈ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ ဒုတိယအကျော့ ပွဲစဉ်များကို ၂၀၁၈ မတ်လ ၁၃ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီ၏  အဖွင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ မြဝတီအသင်းနှင့် ဒုတိယနေရာမှ သစ္စာအားမာန်အသင်းတို့ ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲသုံးနာရီခွဲအချိန်၌ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ယခုနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပမည့် အမျိုးသမီးရှုံးထွက်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အတွင်း ကျင်းပရန် အဖွဲ့ချုပ်က စီစဉ်ထားပြီး ဆုကြေးများကိုမူ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ 

ပထမအကြိမ် ကျင်းပခဲ့သည့် လိဂ်ပြိုင်ပွဲတွင် မြဝတီအသင်းက အနိုင်ရဗိုလ်စွဲခဲ့ပြီး သစ္စာအားမာန်အသင်းက ဒုတိယနေရာတွင် ရပ်တည်ခဲ့ကာ Sports & Education အသင်းက တတိယနေရာ ရရှိခဲ့၍ ISPE၊ ဂန္ဓာမာ၊ ဇွဲကပင်၊ YREO တို့ အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။                   

J-04



FOLLOW US