News

POST TAGGED AS

အမျိုးသမီး

မြန်မာအမျိုးသမီးများ ကင်ဆာဖြစ်ပွားမှု ရင်သားကင်ဆာ အများဆုံးဖြစ်
ရန်ကုန်၊ နိုဝင်ဘာ ၎

မြန်မာအမျိုးသမီးများ ကင်ဆာရောဂါ ဖြစ်ပွားမှုတွင် ရင်သားကင်ဆာ အများဆုံးဖြစ်ကြောင်း သုတေသန ဝက်ဘ်ဆိုက် Globocan ၏ စစ်တမ်းအရ သိရသည်။

ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် အဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပြီး ရင်သားကင်ဆာသည် ပုံမှန်မဟုတ်သော ကင်ဆာဆဲလ်များ ရင်သားတစ်သျှုး၌ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ ယင်းတို့ ပွားများလာပြီးနောက် ရင်သားအပါအဝင် အခြားသောအင်္ဂါများသို့ ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း၊ ဖော်ပြပါ စစ်တမ်းအရ အဆုတ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုမှာ ဒုတိယ အများဆုံးဖြစ်ကြောင်း ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်းတွင် ဖော်ပြထားသည်။

“မြန်မာ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းက မြင့်မားနေသလို နှစ်တိုင်း ပုံမှန်စစ်ဆေးမှုလုပ်ပြီး စောစီးစွာ ကုသမှု ခံယူနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှု တွေကလည်း အားနည်းနေပါတယ်”ဟု CBL Medical Centre မှ Clinical Director ဒေါက်တာညီညီနိုင်က ဆိုသည်။

ရင်သားကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းအရင်းကို အတိအကျ မသိရသေးသော်လည်း မိသားစု မျိုးရိုးရှိခြင်း၊ အပျိုဖော် ဝင်ချိန်စောခြင်းနှင့် အခြားဖြစ်စေနိုင်သည့် အချက်များက ယင်း ရောဂါဖြစ်ပွားနှုန်းကို တိုးပွားစေနိုင်ကြောင်း CBL Medical Centre ၏ ထုတ်ပြန်ချက်အရ သိရသည်။

“အမျိုးသမီး အများစုက ရင်သား ပြဿနာနဲ့ပတ်သက်ပြီး ဖွင့်ဟတိုင်ပင်ရမှာ ရှက်ကြောက်လေ့ ရှိတာကြောင့် ရင်သား ပြဿနာကို လျစ်လျူရှုလေ့ ရှိပါတယ်။ ပြင်းထန်တဲ့ ရင်သားပြဿနာ ဆိုရင်တော့ စောသိဖို့နဲ့ ကုသမှုခံယူဖို့က သိပ်ကို အရေးကြီးပါတယ်”ဟု Mount Elizabeth Orchard  ဆေးရုံမှ ရင်သားခွဲစိတ်ဆရာဝန် ဒေါက်တာ Tan Yah Yuen က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ လူနာအသစ်များ တွေ့ရှိနှုန်းမှာ တစ်နှစ်လျှင် ခြောက်သောင်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြချက်များအရ သိရသည်။

J-12



FOLLOW US