News

POST TAGGED AS

အမျိုးသမီး

ဆော်ဒီအာရေဗျတွင် အမျိုးသမီးများ ကားမောင်းနှင်ခွင့်ရရှိ
ရီယတ်ဒ်၊ စက်တင်ဘာ ၂၇

ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများ မော်တော်ယာဉ်မောင်းနှင်ခွင့် ကန့်သတ်ပိတ်ပင်ထားမှုကို ဆော်ဒီဘုရင် ဆော်လမန်က အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်ကာ ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ပင်လယ်ကွေ့ဒေသဘုရင်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျသည် အမျိုးသမီးများ မော်တော်ယာဉ်မောင်းနှင်ခွင့်ကို ပိတ်ပင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့သည်။

လက်ရှိအချိန်အထိ အမျိုးသားများကိုသာ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးလျက်ရှိပြီး အများပြည်သူများအကြား အမျိုးသမီးများ မော်တော်ကား မောင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးခြင်း သို့မဟုတ် ဒဏ်ငွေချမှတ်ခံရခြင်းနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ 

ယခုလို အမျိုးသမီးများ မော်တော်ကား မောင်းနှင်ခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍ အပေါင်းလက္ခဏာ ဆောင်သော လုပ်ရပ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများက ဆော်ဒီအာရေဗျကို ချီးမွမ်းပြောဆိုကြသည်။ 

အမျိုးသမီးများ မော်တော်ကား မောင်းနှင်ခွင့် ရရှိရေးအတွက် တက်ကြွလှုပ်ရှားခဲ့သူ မစ္စဆာဟာနာဆစ်က “အရမ်းကို ခုန်ပေါက်ချင်လောက်အောင် စိတ်လှုပ်ရှားတယ်”ဟု ပြောကြားသွားသည်။ 

“ကျွန်မစိတ်ကူးယဉ်အိပ်မက်ထဲက ကားလေးကို ဝယ်တော့မယ်။ Mustang အမျိုးအစား အမိုးဖွင့်ကားလေးပေါ့၊ အနက်ရောင် ဒါမှမဟုတ် အဝါရောင်ဖြစ်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီး ခါလစ် ဘင်ဆာလ်မန်က အမျိုးသမီးများအနေနှင့် ယာဉ်မောင်းသင်မည့်ကိစ္စတွင် အမျိုးသားများ၏ ခွင့်ပြုချက်ရယူရန် မလိုအပ်ကြောင်း၊ ၎င်းတို့အနေနှင့် ကြိုက်နှစ်သက်ရာ မည်သည့်နေရာသို့မဆို မော်တော်ယာဉ်ဖြင့် မောင်းနှင်သွားလာနိုင်တော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ယင်းကိစ္စသည် သမိုင်းတွင်သည့် ဖြစ်ရပ်ဖြစ်ပြီး မှန်ကန်သော အချိန်တွင် ချမှတ်သော မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လူ့အခွင့်အရေး အုပ်စုများသည် အမျိုးသမီးများ မော်တော်ကားမောင်းနှင်ခွင့် ရရှိရေးအတွက် နှစ်ပေါင်းများစွာ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ မော်တော်ကား မောင်းနှင်ခဲ့သော ဆော်ဒီအမျိုးသမီး အချို့မှာ ဖမ်းဆီး ထောင်ချခံခဲ့ရသောကြောင့် ဖြစ်သည်။

ဆော်ဒီအာရေဗျတွင် အဆိုပါဥပဒေကြောင့် ယခင်က မိသားစု အတော်များများသည် ဇနီး၊ သမီးနှင့် အမျိုးသမီးဆွေမျိုးများ သွားလာရေးအတွက် ယာဉ်မောင်းများ ငှားရမ်း ခန့်အပ်ခဲ့ကြရသည်။    

F-01



FOLLOW US