News

POST TAGGED AS

အမျိုးသားရေးဝါဒီ

အမေရိကန်နယ်စပ်လုံခြုံရေးအရာရှိများက ရွှေ့ပြောင်းဒုက္ခသည် မိသားစုများအား တရားစွဲဆိုမှုကို ရပ်ဆိုင်း


ဝါရှင်တန် ဇွန် ၂၆

အမေရိကန်ပြည်ထောင်စုသို့ ကလေး များနှင့်အတူ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူများအား ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုခြင်းကို အမေရိကန်နယ်စပ်လုံခြုံရေးအရာရှိများက ယာယီရပ်ဆိုင်းထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

တရားမဝင် ဝင်ရောက်လာသော မိသားစုများအား ကလေးများနှင့် ခွဲခြားထိန်းသိမ်းမှုကို အဆုံးသတ်ရန် သမ္မတထရမ့်က အမိန့်ထုတ်ခဲ့ပြီးနောက် ယခင်အပတ်မှစ၍ တရားစွဲဆိုမှုများကို ရပ်ဆိုင်းထားသည်ဟု အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးဌာန ကော်မရှင်တာမင်းကြီး ကီဗင်မက်အေလီနန်က တက်ဆပ်စ်ပြည်နယ်တွင် ပြောကြားသွားသည်။

သို့ရာတွင် တရားမဝင်ရွှေ့ပြောင်းမိသားစုများကို အတူတကွ ထိန်းသိမ်းထားရန် သမ္မတထရမ့်က ညွှန်ကြားထားသည်။

မူဝါဒမရေမရာ ဖြစ်နေသောကြောင့် ယာယီရပ်ဆိုင်းထားသော်လည်းအစိုးရ၏ သုညအဆင့် သည်းခံမှုနည်းဗျူဟာသည် အကျုံးဝင်နေဆဲဖြစ်သည်ဟု ကီဗင်အေလီနန်က ဆိုသည်။

ဥပဒေအရ အရွယ်ရောက်သူထိန်း သိမ်းရေးစခန်းများတွင် နေခွင့်မရှိသော ကလေးများနှင့် ၎င်းတို့၏ မိသားစုများကို ခွဲခြားထားရန် မရည်ရွယ်သောကြောင့် လောလောဆယ်တွင် ထိုမိဘများကို တရားစွဲဆိုမည်မဟုတ်ပေ။

အဆိုပါမိဘများကို ၎င်းတို့၏ ကလေးများနှင့် ခွဲခြားထားခြင်းမပြုဘဲ တရားစွဲဆိုနိုင်မည့်အစီအစဉ်များကို နယ်စပ်လုံခြုံရေးဌာနနှင့် တရားရေးဌာနတို့က လေ့လာနေသည်ဟု ကီဗင်အေလီနန်က ပြောကြားသည်။

ယခုဆုံးဖြတ်ချက်အရ နယ်စပ်လုံခြုံရေးအရာရှိများသည် ယခင်အစိုးရ လက်ထက်ကဲ့သို့ပင် တရားမဝင်ရွှေ့ပြောင်းမိသားစုများကို တရားရုံးဆင့်ခေါ်စာပေးပြီး နောက် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းမထားတော့ဘဲ သွားလိုရာသို့ ဆက်လက်သွားခွင့်ပြုမည်ဖြစ်သည်။

အဆိုပါ ဖမ်း - လွှတ် မူဝါဒကိုသမ္မတ ထရမ့်က ယခင်ကအကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့သည်။

အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်းဒါးစ်က အစိုးရသည် မူဝါဒပြောင်းခြင်းမဟုတ်ကြောင်းနှင့် အဖြစ်မှန်မှာ ရွှေ့ပြောင်းမိသားစုများကို ထိန်းသိမ်းထားရန် နေရာမရှိခြင်းသာဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

သမ္မတထရမ့်က “တရားမဝင် ရောက်လာရင် ပြန်ထွက်သွားရမယ့် ကောင်းကောင်းအလုပ်ဖြစ်တဲ့ စနစ်တစ်ခု ရှိဖို့လိုတယ်”ဟု အစောပိုင်းက ပြောကြားခဲ့သည်။

တက်ဆပ်စ်ရှိစစ်စခန်းနှစ်ခုကို တရားမဝင် ရွှေ့ပြောင်းမိသားစုများအား ထိန်းသိမ်းရန် ယာယီအသုံးပြုမည်ဟု ပင်တာဂွန်က တနင်္လာနေ့တွင် အတည်ပြုပြောကြားသည်။

F-04



FOLLOW US