News

POST TAGGED AS

အမျိုးသမီး

03-Jul-2018

အမျိုးသမီး
မြဖူးငုံ


မန္တလေးမြို့တော်ရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း၏ လေ့ကျင့်ရေးကွင်းအတွင်း၌ အသက် ၂၉ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးက လူငယ်ဘောလုံးသမားများကို လေ့ကျင့်ပေးနေသည်။ သူ့အမည်က မြဖူးငုံ။ 

မြဖူးငုံဟုဆိုလိုက်လျှင် မြန်မာဘောလုံးပရိသတ်များအကြား ရင်းနှီးနေပြီးဖြစ်သည့် မြန်မာ့လက်ရွေးစင်ဂိုးသမားမှန်း တပ်အပ်သိကြမည်ထင်သည်။ 

မန္တလေး အား/ကာသိပ္ပံကျောင်းတွင် အားကစားနည်း ၂၂ မျိုးကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လေ့ကျင့်သင်ကြားပေးနေရာ ထိုထဲတွင် ဘောလုံးအားကစားနည်းလည်းတစ်ခုအပါအဝင်။ 

အားကစားဝတ်စုံ အပြည့်အစုံဝတ်ကာ လျှာထိုးဦးထုပ်ဆောင်းထားသည့် ထိုအမျိုးသမီးသည် ဘောလုံးကို ကန်လိုက်၊ ပြေးကောက်လိုက်၊ ပါးစပ်က ပြောလိုက်နှင့် လူရောပါးစပ်ပါ မနားတမ်းလှုပ်ရှားနေသည်။ ကျန်းမာရေးကြောင့် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သော်လည်း သူတတ်ကျွမ်းသည့်ပညာရပ်ကို ပြန်လည်မျှဝေနေသူလည်း ဖြစ်သည်။

မြဖူးငုံသည် မန္တလေး အား/ကာသိပ္ပံ ကျောင်းထွက်တစ်ဦးဖြစ်ပြီး ဤကွင်းအတွင်း၌ သင်တန်းသားအဖြစ် လေ့ကျင့်ခဲ့ရာမှ လူငယ်လက်ရွေးစင်၊ ထိုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်၊ လက်ရှိတွင်မူ အားကစားမှူးအဖြစ် တာဝန်ထမ်းနေရပေပြီ။ 

“ကလေးတွေကို အခြေခံကနေ စသင်ပေးတာ။ ကိုယ့်အတွေ့အကြုံတွေ မျှဝေပေးတယ်” ဟု မြဖူးငုံက ရှင်းပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ဇာတိဖြစ်သူ မြဖူးငုံသည် ငယ်စဉ်ကတည်းက ဘောလုံးကစားခြင်းကို ခုံမင်သည်။ မိန်းကလေးသူငယ်ချင်းများနှင့် အပေါင်းအသင်းမလုပ်။ ယောကျာ်းလေးတစ်ဦးကဲ့သို့ နေထိုင်သည်။ ယောကျာ်းလေးသူငယ်ချင်းများနှင့်သာ ဘောလုံးကစားသည်။ ဘောလုံးကန်၍ ဒဏ်ရာရလာလျှင် အိမ်ကိုမပြော ကိုယ့်ဘာသာဆေးထည့်သည်။

မိန်းကလေးနှင့်ဘောလုံး မအပ်စပ်ဟုယူဆသောမိဘများက မြဖူးငုံဘောလုံးကန်သည်ကိုသိလျှင် ရိုက်သည်။ ရိုက်လျှင်လည်း ရိုက်သူကသာမောသည်။ မြဖူးငုံကတော့ ဘောလုံးကန်မြဲပင်။ အသက် ခုနစ်နှစ်အရွယ်မှစပြီး အပျော်တမ်းကစားခဲ့သည့် ဘောလုံးအားကစားနည်းကို ကိုးတန်းကျောင်းသူအရွယ်တွင် ပြိုင်ပွဲတစ်ခု၌ ပါဝင်ကစားခွင့်ရသည်။ မြို့နယ်အဆင့် ပွဲကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ထိုပွဲ၌ပင် ပထမဆုံးသောဆုတံဆိပ်ကို ရရှိခဲ့သည်။

“စကစားတဲ့အချိန်တုန်းက ဂိုးသမားမရှိဘူးဆိုပြီး ခေါ်လိုက်တဲ့အချိန်မှာ အကောင်းဆုံးဂိုးသမားဆုရခဲ့တာ” ဟု သူ့ဘဝတွင် ဂုဏ်ယူခဲ့ရသည့်အချိန်ကို မြဖူးငုံက ပြန်ပြောင်းပြောဆိုသည်။

ထိုဆုကိုရရှိခဲ့ခြင်းက ဘောလုံးလောကသို့ ဝင်ရောက်ရန် လမ်းစဖြစ်ခဲ့သည်။ ခြေစွမ်းရှိသူ မြဖူးငုံကို အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) က လက်သပ်မွေးချင်သည်။ ဘောလုံးကန်ခြင်းကို အားမပေးသော မိဘများက ခွင့်မပြု။ နောက်ဆုံးတွင် ကတိတစ်ခုနှင့်ဘောလုံးကစားခြင်းကို အလဲအထပ်လုပ်လိုက်ရသည်။ ထိုကတိမှာ တက္ကသိုလ်ဝင်တန်းအောင် မြင်အောင်ဖြေဆိုပါ့မည်ဆိုသည့် ကတိပင်။ တက္ကသိုလ်ဝင်တန်းအောင်ပါက ကြိုက်ရာလုပ်ခွင့်ရှိမည်ဟူသော မိဘများ၏ကမ်းလှမ်းချက်သည် မြဖူးငုံအတွက် မျှော်လင့်ခြင်းအလင်းရောင်။ 

ထို့ကြောင့်ပင် ၂၀၀၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။

“ဆယ်တန်းလည်းအောင်ရော ချက်ချင်းပဲ အား/ကာလာပြီး Camp ဝင်တယ်” ဟု ဘောလုံး အားကစားသမားတစ်ယောက်၏ ဘဝအစကို လှစ်ဟပြသည်။

သင်တန်းသားဘဝဖြင့် ခြောက်လအကြာ နေထိုင်ခဲ့ပြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးလက်ရွေးစင်အသင်းတွင် ပဏာမကစားသမားအဖြစ် ရွေးချယ်ခံရသည်။ အဝေးသင်တက္ကသိုလ်ကိုတက်ရင်း တစ်ဖက်မှလည်း ဝါသနာပါသည့်အရာကို အကောင်အထည်ဖော်ခွင့်ရခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လူငယ်လက်ရွေးစင်၊ ၂၀၀၉ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၌ ပဏာမလက်ရွေးစင်ဖြစ်လာခဲ့သည်။

ဘောလုံးအားကစားနည်းဖြင့် နိုင်ငံ့လက်ရွေးစင်ဖြစ်ချင်ခဲ့သည်က မြဖူးငုံ၏ကြီးမားသော မျှော်လင့်ချက်။ ဘောလုံးကစားရန်တစ်ခုတည်းသာ အာရုံထားသည်။ ထို့ကြောင့် အခက်အခဲများကြုံသော်လည်း နောက်ဆုတ်ချင်စိတ်မရှိခဲ့။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှစ၍ မိသားစုနှင့်ခွဲခွာခဲ့ရသော်လည်း လွမ်းရကောင်းမှန်းမသိ။ 

ပဏာမလက်ရွေးစင်အဖြစ် အရွေးခံရလိုက်၊ ပယ်ခံရလိုက်ဖြင့် လေ့ကျင့်ရေးမပြတ်တမ်းလုပ်ရင်း ၂၀၁၀ ပြည့်နှစ်တွင် ညာဒူးအရွတ်စုတ်ပြဲသည့် ဒဏ်ရာရရှိခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထောက်ပံ့မှုဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံသို့ သွားရောက်ကုသခဲ့ရသည်။ 

ခွဲစိတ်ကုသခြင်းက တစ်ရက်သာကြာမြင့်သော်လည်း ချိုင်းထောက်ကိုအသုံးပြု၍ သွားလာလှုပ်ရှားရသည်က တစ်လ။ မလှုပ်မရှားဘဲ အဆောင်တွင်း အနားယူလိုက်ရသည်က တစ်နှစ်နှင့်သုံးလ။ ဘောလုံးကန်ရန်ဝေးစွ။ အပြင်ထွက်ခွင့်၊ လှေကားအတက်အဆင်းလုပ်ခွင့်ပင်မရ။

သင်္ကြန်ကာလတွင် သူငယ်ချင်းများနည်းတူ လျှောက်မလည်နိုင်။ အိမ်ပြန်ခွင့်ရတော့လည်းမပါ။ ငုတ်တုတ်ထိုင်ကာငေးခဲ့ရသည်။ 

၂၀၁၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စမ်းသပ်ကစားခွင့်ရခဲ့သည်။ ငါးနှစ်နီးပါး လေ့ကျင့်ရေးဆင်းရာမှ တစ်နှစ်ကျော် နားလိုက်ရသည့်အရှိန်ကို မူလအတိုင်း ပြန်ရအောင် မနည်းပြန်ယူရသည်။ ခြေထောက်က ရဲရဲတင်းတင်း မကစားရဲသလို ဆာနေသည့်ပုံစံဖြစ်နေသည်။ ၂၀၁၂ ခုနှစ်တွင်မှ ဒေါင်ဒေါင်မြည်ကစားနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် သူမျှော်မှန်းခဲ့သည့် လက်ရွေးစင်ကစားသမား ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံ့လက်ရွေးစင်အဖြစ် ပါဝင်ကစားခွင့်ရခဲ့ခြင်းပင်။

“ငါးနှစ် ခြောက်နှစ်လောက်တော့ တော်တော်လေးကြိုးစားလိုက်ရတယ်။ လက်ရွေးစင်ကစားသမားဆိုတာ လွယ်လွယ်နဲ့ဖြစ်မလာနိုင်ဘူးလေ” ဟု ကြိုးပမ်းအားထုတ်မှု အရာထင်လာခဲ့ပုံကို မြဖူးငုံက ဂုဏ်ယူစွာဖြင့် ပြောဆိုသည်။

ယင်းနောက် ဆီးဂိမ်းပြိုင်ပွဲများနှင့် နိုင်ငံအဆင့် ပြိုင်ပွဲပေါင်းများစွာကို လက်ရွေးစင်ဘဝဖြင့် ငါးနှစ်ကျော် ကစားခဲ့သည်။ ပြိုင်ပွဲများကစားရာတွင် ပရိသတ်၏အားပေးမှုကလည်း အရေးပါသည်။ မြန်မာ ပရိသတ်က အမျိုးသမီးဘောလုံးအသင်းဆိုလျှင် ပိုအားပေးသည်။ ပိုလည်းအားကိုးသည်။ ပရိသတ်၏ အားပေးမှုကြောင့် ဂုဏ်မငယ်ခဲ့ရသည်လည်းရှိသည်။ အားတက်ခဲ့ရသည်လည်းရှိသည်ဟု မြဖူးငုံက ဖွင့်ဟသည်။

ဆီးဂိမ်းပြိုင်ပွဲသည် နိုင်ငံ၏သရုပ်ကို ပိုမိုထင်ဟပ်စေသလို ပြိုင်ပွဲဝင်ကစားသမားများအတွက်လည်း တာဝန်ပိုကြီးသောကြောင့် ပရိသတ်အားပေးရကျိုးနပ်အောင် ရွှေတံဆိပ်ကို ရယူပေးချင်သည်။ ရနိုင်သည်ဟု ယုံကြည်ခဲ့သော်လည်း ကံတရားက မျက်နှာသာမပေးခဲ့သလို ကြိုးစားမှုများကလည်း ရွှေတံဆိပ်မရစေဘဲ ပွတ်ကာသီကာ ရှောင်တိမ်းသွားခဲ့သည်။ ကြေးတံဆိပ်ကိုသာ ရရှိခဲ့ခြင်းကြောင့် တာဝန်မကျေသလို ခံစားနေရသည်ဟု ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲများတွင် အမျိုးသမီးဘောလုံး အသင်းအတွက် သတိထားရမည့်အသင်းများမှာ ထိုင်းနှင့် ဗီယက်နမ်။

ယင်းအသင်းများသည် သက်တမ်းအလိုက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ခြင်း၊ ချစ်ကြည်ရေးပြိုင်ပွဲ (Friendly Match) အတွေ့အကြုံများခြင်း စသည့်အားသာချက်များကို သတိထားရန်လိုသည်ဟု မြဖူးငုံက ထောက်ပြသည်။ 

မြန်မာနိုင်ငံအတွက်၊ မြန်မာပရိသတ်အတွက် ရွှေတံဆိပ်မရယူပေးနိုင်သေးသောကြောင့် မြန်မာပရိသတ်များ လိုချင်နေသော ရွှေတံဆိပ်ရယူပေးနိုင်ရန် မျိုးဆက်သစ်အားကစားသမားများအနေနှင့် ပိုမိုကြိုးစားဖို့လိုကြောင်းလည်း အကြံပြုသည်။

မြဖူးငုံအနေနှင့် ဆီးဂိမ်းပြိုင်ပွဲမှနေ၍ ရွှေတံဆိပ်ရစေရန် ကြိုးစားမည်ဟု အားခဲထားသော်လည်း ဒဏ်ရာဟောင်းက ဒုက္ခပေးသဖြင့် ဘောလုံး အားကစားသမားဘဝမှ စောစီးစွာ အနားယူခဲ့ရသည်။ မန္တလေး အား/ကာသိပ္ပံတွင် ဆရာအဖြစ် ဝင်လုပ်ရန် စိတ်အားထက်သန်သည်။ ကစားသမားတစ်ယောက်အနေနှင့် ကစားခဲ့သည့်ကွင်းအတွင်းမှ ပုံရိပ်များကိုချစ်သည်။ လေ့ကျင့်ရေးကွင်းအတွင်း နံနက်တစ်ခါ ညနေတစ်ခါ မျိုးဆက်သစ်များကို လေ့ကျင့်ပေးချင်သည်။ 

သူ၏ဆုံးဖြတ်ချက်အတိုင်း လက်ရှိတွင် မန္တလေးမြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင် အားကစားမှူး၊ တစ်နည်းဆိုရသော ပြန်တမ်းဝင် အရာရှိအဖြစ် သတ်မှတ်ခံထားရသော ဦးစီးအရာရှိတာဝန်ဖြင့် မျိုးဆက်သစ် လူငယ်ကစားသမားများကို လေ့ကျင့်သင်ကြားပေးနေပြီဖြစ်သည်။

လက်ရွေးစင်ဟောင်းမြဖူးငုံက လူငယ်မျိုးဆက်သစ်များကို လေ့ကျင့်သင်ကြားပေးနေသည်ကို အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်း၏ မြက်ခင်းပြင်၌ နေ့စဉ်တွေ့မြင်ရမည်ဖြစ်သည်။

အေးစုမွန်



FOLLOW US