News

POST TAGGED AS

အမျိုးသမီး

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာယူဆွတ် မွေးရပ်ဇာတိ ပါကစ္စတန်သို့ ပထမဆုံးအကြိမ်ပြန်


အစ္စလာမာဘတ်၊ မတ် ၂၉

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က တာလီဘန်တို့၏ပစ်ခတ်ခြင်းခံခဲ့ရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာယူဆွတ်သည် ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏မွေးရပ်ဇာတိ ပါကစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

မာလာလာသည် အသက် ၁၅ နှစ်အရွယ်တွင် တာလီဘန်တို့အုပ်ချုပ်မှုအောက်တွင်နေရသော လူမှုဘဝ အခြေအနေအကြောင်းကို ဘလော့ဂ်ရေးသားခဲ့ခြင်းကြောင့် တာလီဘန်တို့၏ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံခဲ့ရသည်။

၎င်းသည် ၂၀၁၂ ခုနှစ်က စာသင်ကျောင်းမှ နေအိမ်သို့ အပြန်လမ်းတွင် တာလီဘန်တို့၏ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် ဗြိတိန်နိုင်ငံတွင် ခိုလှုံနေထိုင်ခဲ့ရသည်။

နှစ်ပေါင်းခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်သို့ အပြန်ခရီးတွင် သူမ၏မိဘနှစ်ပါးလည်း အတူလိုက်ပါသွားခဲ့ကြောင်း၊ ပါကစ္စတန်သို့ ရောက်ရှိပြီး မကြာမီအချိန်ပိုင်းတွင်ပင် ဝန်ကြီးချုပ်ရှာဟစ်ခါကန်အဘာစီနှင့် တွေ့ဆုံခဲ့ကြောင်း ပါကစ္စတန်မီဒီယာများက ဖော်ပြသည်။

“ဒါဟာ ကျွန်မဘဝမှာ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ပါပဲ။ ခုလိုတွေဖြစ်လာတယ်ဆိုတာ အခုအထိ ယုံတောင်မယုံနိုင်ပါဘူးရှင်”ဟု မာလာလာက မျက်ရည်များဝဲကာ ရုပ်သံမှတစ်ဆင့် စကားပြောသည်။

“ဒီကထွက်သွားတုန်းက သူဟာ ၁၂ ဦးရှိတဲ့မိသားစုထဲက ကလေးတစ်ယောက် သက်သက်ပါပဲ။ အခုပြန်လာတော့ မာလာလာဟာ ပါကစ္စတန်ရဲ့ ထင်ရှားကျော်ကြားတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်နေပါပြီ”ဟု ပါကစ္စတန်ဝန်ကြီးချုပ် ရှာဟစ်ခါကန်အဘာစီက ပြောကြားသည်။

ပါကစ္စတန်တွင် မာလာလာပြန်လည် ရောက်ရှိလာသည့်သတင်းနှင့်ပတ်သက်၍ ပြည်သူအများစုက ဝမ်းမြောက်ဂုဏ်ယူမဆုံးဖြစ်လျက်ရှိသည်။

F-01



FOLLOW US