News

POST TAGGED AS

အမျိုးသမီး

အစ္စရေးစစ်သားကို ပါးရိုက်သည့် ပါလက်စတိုင်းဆယ်ကျော်သက်မိန်းကလေး ထောင်ရှစ်လကျ


တဲလ်အဗစ်၊ မတ် ၂၅

သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးစစ်သားများကို ပါးရိုက်ခဲ့ခြင်းကြောင့် ဆန္ဒပြကန့်ကွက်မှု များ၏ ပြယုဂ်အဖြစ် ထင်ရှားလာခဲ့သော ပါလက်စတိုင်း ဆယ်ကျော်သက်မိန်းကလေးသည် ထောင်ဒဏ် ရှစ်လကျခံရမည်ဖြစ်ကြောင်း DW သတင်းဌာနကဖော်ပြသည်။

အသက် ၁၇ နှစ်အရွယ်ရှိ အာအိဒ်တမ်မီမီသည် နာဘီဆာလာကျေးရွာရှိ သူ့အိမ်ရှေ့တွင် အစ္စရေးစစ်သားနှစ်ဦးကို ပါးရိုက်ပြီး ကန်ကျောက်နေပုံ ဗီဒီယိုဖိုင် ယမန်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက် တမ်မီမီမှာ ပါလက်စတိုင်းတို့၏ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။

အဆိုပါဗီဒီယိုဖိုင်တွင် ထိုစဉ်က အသက် ၁၆ နှစ်သာရှိသေးသော တမ်မီမီနှင့် သူ၏ဝမ်းကွဲမောင်ဖြစ်သူ နူအာတို့သည် အစ္စရေးစစ်သားနှစ်ဦးကို သူတို့ခြံဝင်းအတွင်းမှ ထွက်သွားရန် ပြောကြားနေပြီး စစ်သားနှစ်ဦးကို တွန်းထိုးကာပါးရိုက်ခဲ့သည့်အပြင် ကန်ကျောက်ခဲ့ပုံကို မှတ်တမ်းတင်ထားသည်။ တမ်မီမီ၏ မိခင်ဖြစ်သူ နာရီမင်က ဝင်ဆွဲခဲ့ပြီးနောက် စစ်သားများမှာ နောက်ဆုတ်ပေးခဲ့သည်။

အစ္စရေးစစ်သားများ၏ ထိန်းထိန်းသိမ်းသိမ်းတုံ့ပြန်ခဲ့ပုံမှာ အစ္စရေးလက်ယာယိမ်းဝါဒီများအတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ရသည်။ ပညာရေးဝန်ကြီးနက်ဖ်တာလီ ဘင်းနက်က ပါဝင်သည့် အမျိုးသမီးများကို ထောင်တစ်သက်တစ်ကျွန်းချသင့်သည်ဟုပင် မှတ်ချက်ပေးခဲ့သည်။

ယခုအခါ သက်သာမည့်ပြစ်မှုများတွင် အပြစ်ရှိကြောင်း ဝန်ခံခြင်းဖြင့် ထောင်နှစ်ချီကျနိုင်သောပြစ်မှုကြီးများကို ပယ်ဖျက်ပေးခဲ့ပြီး စွဲချက် ၁၂ ခုတွင် ၄ ခုအတွက်သာ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ တမ်မီမီကို ဒေါ်လာ ၁၄၃၀ လည်း ဒဏ်ရိုက်ခဲ့သည်။ အခင်းဖြစ်ပြီးနောက်ပိုင်း ဒီဇင်ဘာလအတွင်း ဝင်ရောက်စီးနင်းမှုတွင် တမ်မီမီကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ထောင်တွင် သုံးလတာ ထိန်းသိမ်းထားခဲ့သည်။ ယခု ထောင်ဒဏ်ရှစ်လကျခံရမှုတွင် ယင်းချုပ်ရက် သုံးလကို လျှော့ပေါ့တွက်ချက်ပေးမည်ဖြစ်သည်။

“သိမ်းပိုက်ခံထားရတဲ့အချိန်မှာ တရားမျှတမှုဆိုတာမရှိသလို တရားဝင်တဲ့ တရားရုံးဆိုတာလည်း မရှိပါဘူး”ဟု တမ်မီမီက စစ်ဘက်ဆိုင်ရာတရားရုံးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

တမ်မီမီ၏မိခင်နှင့် ဝမ်းကွဲအစ်ကိုတို့ကိုလည်း ထောင်ရှစ်လနှင့် ဒဏ်ငွေအသီးသီး ချမှတ်ခဲ့သည်။

F-01



FOLLOW US