News

POST TAGGED AS

အမျိုးသမီး

တင်တောင်းကြေးရရန်အတွက် ပုရိသအဖြစ် ဟန်ဆောင်ခဲ့သော အိန္ဒိယအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ


ဒေလီ၊ ဖေဖော်ဝါရီ ၁၇

အိန္ဒိယနိုင်ငံတွင် တင်တောင်းကြေး (မင်္ဂလာပွဲတွင် သတို့သမီးက သတို့သားဘက်သို့ တင်တောင်းရသော ပိုက်ဆံ) ရရှိရန်အတွက် ပုရိသအဖြစ် ဟန်ဆောင်ကာ မိန်းမနှစ်ဦးကို လိမ်ညာလက်ထပ်ခဲ့သော အမျိုးသမီးတစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယတွင် တရားမဝင်ဟု သတ်မှတ်ထားသော တင်တောင်းကြေးတောင်းခံမှုကြောင့် ခရစ်ရှနားဆန်းကို မြောက်ပိုင်း ဥတ္တရခန်းပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့သည်။

ခရှစ်ရှနားအား ထုံးစံအတိုင်း စစ်မေးစဉ် အမျိုးသမီးဖြစ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရဲများက ဆိုသည်။ 

မစ္စတာဆန်းဟု အမည်ပေးထားသည့် ဆွီတီ ၂၆ နှစ်သည် ၂၀၁၄ ခုနှစ် အတွင်း ပထမအကြိမ် လက်ထပ်စဉ်ကပင် အမျိုးသားအဖြစ် ဟန်ဆောင်လိမ်လည်ခဲ့ပုံရသည်ဟု ယူဆရသည်။

“ပထမတော့ ခရစ်ရှနားပြောနေတာကို ကျုပ်တို့ နားမလည်ဘူး။ ဆေးစစ်ကြည့်လိုက်တော့မှ မိန်းမဖြစ်နေမှန်း သိလိုက်ရတာ”ဟု ရဲမှူးဂျာနာမီ ဂျေးခန်ဒူရီက ပြောကြားသည်။

ဆန်းခေါ် ဆွီတီသည် ပထမဇနီးကို မင်္ဂလာပွဲပြီးပြီးချင်းကွာရှင်းခဲ့ပြီး ၂၀၁၇ ဧပြီလတွင် နောက်ထပ်အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့သည်ဟု သိရှိရသည်။

သို့ရာတွင် ယခင်ဇနီး၏ မိဘများက ဆန်းသည် တင်တောင်းကြေးရရန် ၎င်းတို့၏ သမီးကို အနှောင့်အယှက်ပေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ရန်ဟုဆိုကာ ဒေါ်လာ ၁၃၂၀၀ ခန့် ချေးသွားပြီး ပြန်မဆပ်ကြောင်း ရဲဌာနတွင် တိုင်ချက်ဖွင့်ထားသည်။

ဆန်းခေါ် ဆွီတီက ၎င်းသည် ယခင်ကတည်းက ယောကျာ်းလေးဖြစ်ချင်ခဲ့ပြီး ယောကျာ်းလေးကဲ့သို့ နေထိုင်ခဲ့သည်ဟု ရဲများကို ပြောကြားသည်။ ဆန်း၏လုပ်ရပ်များကို သူမ၏မိဘများက သိရှိသလားဆိုသည်ကို မသိရသေးကြောင်း ရဲများက ပြောကြားသည်။

ဆန်းသည် သတို့သမီးများရှေ့တွင် အဝတ်အစားမလဲသည့်အပြင် လိင်ဆက်ဆံခြင်း မပြုခဲ့သောကြောင့် နှစ်ဦးစလုံးက ဆန်းကို သံသယမဝင်ခဲ့ကြဟု သိရှိရသည်။

ဆန်းသည် အသံဩခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့အပြင် ယောကျာ်းလေးသူငယ်ချင်းများနှင့် ပေါင်းသင်းခြင်း၊ ကျားအိမ်သာကိုသာ အသုံးပြုခြင်း၊ ဆိုင်ကယ်စီးခြင်းတို့ကြောင့် သံသယဝင်စရာအကြောင်းမရှိခဲ့ဟု ရဲများက ဆိုသည်။

“သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ယောကျာ်းလေးတစ်ယောက်လို လမ်းလျှောက်တာ”ဟု ရဲမှူးက ပြောကြားသည်။

F-04



FOLLOW US