News

POST TAGGED AS

အမျိုးသမီး

17-Feb-2018

ပညာရေး အိန္ဒိယ
စာသူခိုးဖမ်း အိန္ဒိယပညာရေး ကျောင်းသားသန်းဝက် ရှောင်ပြေး


အိန္ဒယနိုင်ငံ၏ အကြီးဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်သည့် ဥတာပရာဒက်ရှ်တွင် ဖေဖော်ဝါရီကစတင်ပြီး အတန်းတင်စာမေးပွဲများကို ကျင်းပလျက်ရှိရာ ဖြေဆိုသူပေါင်း ၆၆၁,၆၄၃ ဦး ရှိသည့်အနက် စတုတ္ထမြောက်နေ့တွင် ၁၀ ရာခိုင်နှုန်းခန့် ပျက်ကွက်သွားခဲ့ကြောင်း The Washington Post သတင်းတွင် ဖော်ပြထားသည်။ 

ယခုနှစ်တွင် ခါတိုင်းနှင့်မတူ အစိုးက စာမေးပွဲကို တင်းကျပ်စွာဖြင့်စစ်ဆေးပြီး သူခိုးဖမ်းမှုများကို မပြတ်ပြုလုပ်လျက်ရှိသည်။ နိုင်ငံအတွင်း စာမေးပွဲမာဖီးယားဂိုဏ်းတွေ ကြီးစိုးခြယ်လှယ်မှုများကို ပပျောက်စေရန် ယခုနှစ်ကစတင်ပြီး အစိုးရသည် စာမေးပွဲခန်းများတွင် CCTV ကင်မရာများကို တပ်ဆင်သည်။ ခိုးချသူများကိုဖမ်းဆီးရန် ရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး စောင့်ဖမ်းသည်။ ထို့ကြောင့် အကြံကုန်ပြီး ကျောင်းသားတွေလာမဖြေ ထွက်ပြေးကြသည်။

အိန္ဒိယကျောင်းများတွင် အပြိုင်စာမေးပွဲစနစ်ကို အသုံးပြုနေသော်လည်း ဆရာများ၏ သင်ကြားမှုအရည်အသွေး ညံ့ဖျင်းမှုကြောင့် စာခိုးချသူတွေ ပေါများလာရသည်ဟုလည်း သုံးသပ်ကြသည်။ ကျောင်းသားတွေက စာမတတ်၊ သို့သော် စာမေးပွဲတွင် အမှတ်ကောင်းကောင်းလိုချင်သည်။ ၉၉ မှတ်လောက်ကို ရချင်သူများဖြစ်နေသည်။ စာမေးပွဲအမှတ်ကောင်းမှ တက္ကသိုလ်ကောင်းကောင်း ဝင်နိုင်မည်။ ထို့ကြောင့် စာမေးပွဲစစ်သူတွေကိုလည်း လာဘ်ပေးလာဘ်ယူမှုတွေ လုပ်လာကြသည်။ မေးခွန်းပေါက်ခြင်း၊ ဘေးမှထောက်ခြင်းတို့ကိုလည်း တရားမဲ့စွာ ပြုလုပ်လာကြသည်။ 

အိန္ဒိယစာမေးပွဲစနစ်တွင် စိုးမိုးထားသည့် စာမေးပွဲ မာဖီးယားတွေကလည်း ရှိသေးသည်။ သူတို့ကလည်း အုပ်စုဖွဲ့ပြီး ပိုက်ဆံပေးထားသည့်သူများကို စာမေးပွဲအောင်စေရန် ဝိုင်းဝန်းပံ့ပိုးပေးနေကြသည်။ ဥတာပရာဒက်ရှ် စာမေးပွဲဘုတ်အဖွဲ့ အတွင်းရေးမှူး နီနာဆရီဗာတာဗာက -

“ကျွန်တော်တို့ မကောင်းဆိုးဝါးတွေကို တိုက်ခိုက်နေပါတယ်။ ပြည်နယ်အတွင်း ဒါတွေမရှိအောင် ရှင်းလင်းပါ့မယ်”ဟု ပြောကြားခဲ့သည်။

စာမေးပွဲထိန်းချုပ်ရေးအတွက် ဥတာပရာဒက်ရှ်ပြည်နယ် ပညာရေးဝန်ကြီး ဒီနက်ရှ်ရှာမာကလည်း ယခုနှစ်တွင် မသမာမှုများလုပ်သည်ဟု သံသယရှိသော စာစစ်ဌာနများကို ဖျက်သိမ်းပစ်မည်ဟု ရာဇသံပေးထားသည်။ ထို့ပြင် အမှတ်အများဆုံးရသည့် အဖြေလွှာကိုလည်း အဘယ်ကြောင့်ရကြောင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားမည်ဟု ဝန်ကြီးက ဆိုသည်။ သူက -

“ခိုးချတဲ့ကောင်တွေကြောင့် တကယ်တော်တဲ့သူတွေ အရမ်းကို နစ်နာရတယ်”ဟု ထုတ်ဖော်ပြောကြားသည်။ 

အိန္ဒိယနိုင်ငံတွင် စာသူခိုးတွေကို အရေးမယူ၍ မရလောက်အောင် အခြေအနေတွေက ဆိုးလာသည်။ ထောင်ပေါင်းများစွာသော ကျောင်းသားတွေက စာမေးပွဲကို ပေါ့ပေါ့တန်တန်သဘောထားပြီး လာဖြေသည်အထိ ဖြစ်လာကြသည်။ တကယ်ကြိုးစားဖြေသူတွေက စာသူခိုးတွေကြားထဲတွင် မျက်နှာငယ်နေကြရသည်။ စာမေးပွဲဖြေခန်းထဲတွင် ဆရာကိုယ်တိုင်က နှုတ်တိုက်ရွတ်ပေးနေသည်ကို လိုက်ရေးနေသည့် အနေအထားအထိ ရောက်လာသည်။ CCTV ကင်မရာထားသည့်ကြားက ဆရာသည် ဂရုမစိုက်သလို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးအပါအဝင် ဆရာငါးဦးကို အရေးယူလိုက်ရသည်။

အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့် ကာလများအတွင်း ဘွဲ့ရအများအပြားကို လိုအပ်ချက်ကြောင့် အသည်းအသန် မွေးထုတ်နေရသည့် ကာလဖြစ်ခဲ့သည်။ ပညာတတ်မှ ဆင်းရဲတွင်းက လွတ်မည်ဟု ခံယူလာကြသည်။ တက္ကသိုလ်ကောင်းကောင်းကအောင်မှ အလုပ်အကိုင်အခွင့်အလမ်းကလည်း သေချာသည်။ သို့ဖြစ်ရာ တက္ကသိုလ်ကောင်းကောင်း ဝင်ခွင့်ရရေးအတွက် နိုင်ငံတော်ကကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်ကောင်းကောင်းနှင့် အောင်မြင်စေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလာကြတော့သည်။

အိန္ဒိယစာမေးပွဲစနစ်က မည်မျှအလေးထားပြီး မိသားစုအတွက် သေရေးရှင်ရေး ဖြစ်နေရသနည်းဆိုသော် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုယ်တိုင်က “စာမေးပွဲစစ်သည်များ” ဆိုသည့် စာအုပ်တစ်အုပ်ကိုပင် ရေးထုတ်ထားသည်ကို တွေ့ရသည်။ အသစ်ထုတ်ဝေထားသည့် ထိုစာအုပ်ထဲတွင် ဝန်ကြီးချုပ်က စာမေးပွဲအောင်မြင်ရေး လမ်းညွှန်များကို ရေးသားထားသည်။ ထိုနည်းလမ်းများထဲတွင် ယောဂကျင့်နည်းများလည်းပါသည်။ ထို့ပြင် စာမေးပွဲခန်းထဲကို ဝင်ချိန်၊ ထွက်ချိန်တွင် ရယ်မောရန်အထိ လမ်းညွှန်ပေးထားသည်။

မိုဒီ၏ စာမေးပွဲလမ်းညွှန်ဂါထာက အိန္ဒိယလက်ရှိ ပညာရေးစနစ်ကို ကယ်တင်ခြင်း မပြုနိုင်ပေ။ ကျောင်းတွေက ဆရာအင်အား မလုံလောက်။ ဆရာမရှိသည့် ကျောင်းတွေပင် ရှိနေသည်။ သင်ရိုးတွေကလည်း အလွတ်ကျက်သည့်စနစ်ကိုသာ ဦးစားပေးထားသည်။ ကျေးလက်များတွင် လျှပ်စစ်ဓာတ်အား မရ၊ ဖတ်စာအုပ်တွေလည်း မရှိ။ အိမ်သာမရှိ၊ ရေမရသည့်ကျောင်းများပင် ရှိနေသေးသည်။ ထို့ကြောင့် ရာသီလာသည့်အရွယ် မိန်းကလေးများမှာ ရှက်ပြီး ကျောင်းမသွားတော့သည့် အနေအထားများလည်း ရှိနေသည်။

ပညာရေးဝန်ကြီးက စာသူခိုးများကို နှိမ်နင်းနေရခြင်းမှာ ကလေးတွေကို စာကျက်စေလိုသောကြောင့်ဖြစ်ကြောင်း၊ ဆရာများကလည်း စနစ်တကျနှင့် အချိန်ပြည့်သင်ကြားမှုများကို ပြုလုပ်စေလိုကြောင်း၊ ကလေးများအနေနှင့် လွဲမှားသည့် အယူအဆများကို ထွက်ပေါက်အဖြစ် အသုံးမပြုစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

E-01
(အထက်ပါပုံသည် ၂၀၁၄ ခုနှစ်၊ မတ်လက အိန္ဒိယ နိုင်ငံ၊ ဘီဟာနယ်၊ ဟာဂျီပါအရပ်ရှိ ကျောင်းတစ်ကျောင်း တွင် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားများကို ဘေးမှ အကူအညီလာပေးနေပုံများဖြစ်သည်။)
(Ref: The Washington Post)




FOLLOW US