News

POST TAGGED AS

အမျိုးသမီး

ဗီယက်နမ်တွင် ကွန်မြူနစ်ပါတီ အကြီးတန်းတာဝန်ရှိသူများကို ထောင်ဒဏ်ချမှတ်


ဟနွိုင်း၊ ဇန်နဝါရီ ၂၃

ဗီယက်နမ်တွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့် အာဏာရှိသူများအား ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ တာဝန်ရှိသူဟောင်းတစ်ဦးကို ၁၃ နှစ် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ပေါလစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဒင်လာသန်သည် နိုင်ငံပိုင်ရေနံကုမ္ပဏီ Petro Vietnam ကို အရှုံးပေါ်စေခဲ့သည့် စီမံခန့်ခွဲမှုအလွဲများအတွက် အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု တရားရုံးကဆိုသည်။

ယခု တရားစီရင်မှုသည် နာမည်ကြီးစွမ်းအင်နှင့် ဘဏ်လုပ်ငန်းအမှုဆောင်များ ပါဝင်ပတ်သက်နေသော အဂတိလိုက်စားမှုကို စံနမူနာပြ နှိမ်နင်းမှု၏ အပိုင်းတစ်ခုဖြစ်သည်။ ရေနံကုမ္ပဏီမှ အခြားအမှုဆောင်တစ်ဦးဖြစ်သူ ထရင်စွမ်သန်မှာမူ ထောင်ဒဏ်တစ်သက် စီရင်ခြင်းခံရသည်။

မနှစ်က ဘာလင်တွင် ထရင်စွမ်သန် နိုင်ငံရေးခိုလှုံခွင့်တောင်းနေစဉ် ဗီယက်နမ်တို့က ဘာလင်တိရစ္ဆာန်ဥယျာဉ်တွင် ၎င်းကို ကားအတွင်း ဆွဲသွင်းကာ တရားမဝင် ပြန်ပေးဆွဲလုယူသွားခဲ့သည်ဟု ဂျာမနီနိုင်ငံခြားရေးဌာနက ထုတ်ဖော်စွပ်စွဲလိုက်သောအခါတွင် ၎င်း၏အမှုကို နိုင်ငံတကာက သတိပြုမိခဲ့ကြခြင်းဖြစ်သည်။

ယခုတရားစီရင်မှုသည် ကွန်မြူနစ်ပါတီတွင်း အဂတိလိုက်စားမှုကို စံနမူနာပြ နှိမ်နင်းခြင်းဖြစ်သည်ဟု အများက ရှုမြင်ကြပြီး အချို့လည်း လက်ရှိပါတီဦးဆောင်သူများ၏ အတိုက်အခံများကို နှိမ်နင်းခြင်းဖြစ်သည်ဟု ယူဆကြသည်။ 

ဟနွိုင်းတွင် ပြုလုပ်သော တနင်္လာနေ့က တရားစီရင်မှုတွင် အခြားလူ ၂၀ သည်လည်း ထောင်ဒဏ်သုံးနှစ်မှ ကိုးနှစ်အကြား ပြစ်ဒဏ်များကို အသီးသီး ချမှတ်ခြင်းခံရသည်ဟု သိရှိရသည်။

လွန်ခဲ့သော ၂ နှစ်က ပါတီညီလာခံတွင် ကွန်မြူနစ်ပါတီ၏ ကွန်ဆာဗေးတစ်အစုက ပေါလစ်ဗျူရိုကို ထိန်းချုပ်ခွင့်ရရှိသွားခဲ့ကြပြီးနောက် ဝန်ကြီးချုပ်ဟောင်း ငုယင်တန်ဒေါင်း လက်ထက်က မတော်မတရား ကြွယ်ဝလာခဲ့ကြသော အာဏာပိုင်များကို ဖမ်းဆီးအရေးယူမှုများ စတင်ခဲ့သည်။

ဗီယက်နမ်ပြည်သူများသည်လည်း သက်ညှာရန် အသနားခံနေကြသော တစ်ချိန်က အထိမခံရွှေပန်းကန် အာဏာပိုင်ဟောင်းများကို ထိုအချိန်မှစ၍ အာရုံစိုက်လာကြသည်။

ပါတီခေါင်းဆောင်များသည် ဝန်ကြီးချုပ်ဟောင်းနှင့် နီးစပ်သူများထံမှ ဆန့်ကျင်မှု ဖြစ်လာနိုင်ခြေကို ချိုးဖျက်ရန်အတွက် လူသိရှင်ကြား ရုံးတင်စစ်ဆေးသည့်နည်းကို အသုံးပြုခဲ့ကြပြီး ဗီယက်နမ်စီးပွားရေး တစ်ဟုန်ထိုး ဖွံ့ဖြိုးလာသည့်ကာလအတွင်း ကြီးထွားလာခဲ့သည့် အဂတိလိုက်စားမှုများကို ထိန်းချုပ်ရန် ဆန္ဒပြင်းပြနေကြောင်း ပြည်သူများကို ပြသခဲ့သည်။

ဗီယက်နမ်၏ အလားအလာကောင်းသော နိုင်ငံရေးသမားဟု သတ်မှတ်ခံရသူ ဒင်လာသန်သည် ပြီးခဲ့သော မေလတွင် ပေါလစ်ဗျူရိုမှ ရှားရှားပါပါး ထုတ်ပယ်ခံလိုက်ရသည်။

ဗီယက်နမ်တွင် စီးပွားရေးပြောင်းလဲမှု စတင်ခဲ့သည့် ၁၉၈၆ နောက်ပိုင်း ထုတ်ပယ်ခံရသော ပေါလစ်ဗျူရိုအဖွဲ့ဝင် နှစ်ဦးမျှသာ ရှိခဲ့သည်။

ဒင်လာသန်သည် ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စည်းကမ်းချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခြင်းကိုလည်း ခံခဲ့ရသည်။ ၎င်းက တရားရုံးတွင် မျက်ရည်ဝဲလျက် သက်ညှာပေးရန် အသနားခံခဲ့သည်။

အခြားအမှုဆောင် ထရင်စွမ်သန်မှာမူ ငွေကြေးအလွဲသုံးစားမှုကြောင့် ထောင်ဒဏ်တစ်သက်နှင့် အရှုံးပေါ်စေသော စီးပွားရေးစီမံခန့်ခွဲမှုအလွဲများကြောင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်းခံရသည့်အပြင် နောက်ထပ် ငွေကြေးအလွဲသုံးစားမှု စွဲချက်တစ်ခုကိုလည်း ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလကလည်း Petro Vietnam ၏ ဥက္ကဋ္ဌဟောင်း ငုယင်စွမ်ဆန်သည် အဂတိလိုက်စားမှုအရှုပ်အထွေးတွင် ပါဝင်မှုကြောင့် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

F-04



FOLLOW US