News

POST TAGGED AS

အမ်းမြို့

ရခိုင်ပြည်နယ်တွင် NVC ကိုင်ဆောင်သူ ၁၅,၀၀၀ ရှိဟု ဝန်ကြီးပြောကြား
နေပြည်တော်၊ မေ ၁၄

ရခိုင်ပြည်နယ်တွင် NVC (National Verification Card- နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား) ကိုင်ဆောင်သူ ဦးရေ ၁၅,၇၁၀ သာရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ပြောသည်။

“ရခိုင်ပြည်နယ်မှ ယခင်အစိုးရ လက်ထက်ထိ ၃၆၇၅ ဦးကိုင်ဆောင်ခဲ့ပြီး ယခု အစိုးရတာဝန်ယူတဲ့ ကာလအတွင်းမှာ နောက်ထပ် ၁၂,၀၃၅ ရှိတဲ့အတွက် စုစုပေါင်း ရခိုင်ပြည်နယ်မှာ ၁၅,၇၁၀ ဦး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

NVC ကတ်များကိုင်ဆောင်သူများကို တစ်နိုင်ငံလုံး ကန့်သတ်ချက်မရှိ လွတ်လပ်စွာသွားလာနိုင်သည်ဟု ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်နေခြင်းကြောင့် ယနေ့ (မေ ၁၄) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၎င်းက လာရောက်ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မြန်မာနိင်ငံတစ်ဝန်းလုံးတွင် ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ထိ ယာယီသက်သေခံလက်မှတ် အပ်နှံသူ စုစုပေါင်း ၄၆၉,၁၈၃ ဦးရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်နေ့အထိ ယာယီသက်သေခံလက်မှတ် အပ်နှံသူများနှင့် နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်သူများအား NVC ကတ် ထုတ်ပေးမှု စုစုပေါင်းမှာ ၆၂,၅၁၈ ဦးဖြစ်သောကြောင့် NVC ထုတ်ယူမှုနည်းနေကြောင်း ဝန်ကြီးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် NVC ကတ် ကိုင်ဆောင်သူ ၁၅,၇၁၀ ဦးရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စုစုပေါင်းမှာ ယခင်အစိုးရလက်ထက်တွင် ၁၈,၉၆၃ ဦး ရှိခဲ့ရာမှ ယခုအစိုးရလက်ထက် မှာ ၄၃,၅၆၅ ဦးထပ်တိုးလာပြီး စုစုပေါင်း ၆၂,၅၁၈ ဦးရှိကြောင်း ၎င်းက ရှင်းပြသည်။ 

ရခိုင်ပြည်နယ်တွင် NVC ကတ် လျှောက်ထားရန် ကျန်ရှိနေသည့် အဓိကအကြောင်းရင်းများမှာ လူမျိုးအမည် ဖြည့်တင်းမှုကို သဘောမကျခြင်း၊ အစွန်းရောက်များ၏ ဆန့်ကျင်ကန့်ကွက်မှုများ အားနားထောင်ခြင်း၊ ခြိမ်းခြောက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများအား ကြောက်ရွံ့ခြင်း၊ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် သတ်မှတ်ခေါ်ဝေါ်စေလိုခြင်း၊ အများစုမှာ တိုင်းရင်းသားဘာသာနှင့် စကားမတတ်ကြသည့် အားနည်းချက်အပေါ် အခွင့်ကောင်းယူ၍ ဘာသာရေးခေါင်းဆောင်များ၊ အစွန်းရောက်သူများ၏ ဩဇာသက်ရောက်ပြောဆိုမှုအပေါ် အမှားအမှန်ခွဲခြားနိုင်ခြင်းမရှိဘဲ အများစုလုပ်ဆောင်ချက်ကို အမှန်ဟု ထင်မြင်ယူဆနေကြခြင်းအပြင် နိုင်ငံသားအဖြစ် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားကိုသာ ထုတ်ပေးရန် တောင်းဆိုနေခြင်းတို့ကြောင့် NVC ကတ်အား လျှောက်ထားဆောင်ရွက်ခြင်း မပြုကြကြောင်း တွေ့ရှိရကြောင်း ဝန်ကြီးဦးသိမ်းဆွေက ပြောသည်။

IDP Camp တာဝန်ခံများသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကို အမှန်တကယ်မြေပြင် လူဦးရေထက် ပိုမိုရယူနေသည်ကို ပေါ်ပေါက်မည် စိုးရိမ်သောကြောင့် IDP Campများမှ NVC ကတ် ဆောင်ရွက်ပေးခြင်းအား လက်မခံခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လျှောက်ထားလိုသူများကိုလည်း ဆန့်ကျင်သူများမှ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း စသည်တို့ကြောင့် NVC ကတ် ထုတ်ပေးရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များလည်း တိုးတက်မှု နှေးကွေးနေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

NVC ကတ်ကိုင်ဆောင်သူများသည် ၎င်းတို့နေထိုင်ရာ မြို့နယ်တွင် လွတ်လပ်စွာနေထိုင်နိုင်ပြီး မြို့နယ် ကျော်လွန် သွားရောက်မည်ဆိုပါက ဒေသအာဏာပိုင်၏ လိုအပ်သည့် အချက်အလက် (ဖောင်) ကို ဖြည့်သွင်းပြီး တိကျပြည့်စုံမှုရှိမှသာ မြို့နယ် ကျော်လွန် သွားရောက်ခွင့် ပြုမည်သာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက ရှင်းပြခဲ့သည်။ 

S-01



FOLLOW US