News

POST TAGGED AS

အမ်းမြို့

အမ်းမြို့တွင် ကျိန်စာတိုက်သည့်အဖွဲ့မှ ဦးဆောင်သူလေးဦးကို ငြိမ်းစုစီနှင့် အမှုဖွင့်
စစ်တွေ၊ ဧပြီ ၃၀ 

အမ်းမြို့နယ်တွင် CNPC ကုမ္ပဏီ နှင့် MOGE တို့ကို ကျိန်စာတိုက်သည့်အဖွဲ့မှ ဦးဆောင်သူလေးဦးကို အမ်းမြို့နယ်ရဲစခန်းနှင့် တပ်တောင်မြို့ရဲစခန်းတို့တွင် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း အမ်းမြို့နယ်ရဲစခန်းမှ သိရသည်။

အမ်းမြို့နယ်ရှိ ဆင်ခုံတိုင် သုသာန်၊ ခမောင်ချောင်းသုသာန်၊ သံပုရာသုသာန်နှင့် မျောက်ကိုက် သုသာန်တို့တွင် လူ ၅၀၀ ကျော်က မှတ်တိုင်စိုက် ကျိန်စာတိုက်ခဲ့ကြောင်း၊ ယင်းကျိန်စာတိုက်မှုကြောင့် ခမောင်ချောင်း သုသာန်နှင့် ဆင်ခံတိုင်သုသာန်၌ ဦးဆောင်သူ ဦးဝဏ္ဏစော၊ ဦးတင်လှိုင်တို့ကို အမ်းမြို့နယ် ရဲစခန်းတွင်လည်းကောင်း၊ သံပုရာသုသာန်နှင့် မျောက်ကိုက်သုသာန်တွင် ဦးဆောင်သူ ဦးမျိုးလွင်နှင့် ဦးရွှေထွန်းတို့ကို တပ်တောင်မြို့ နယ်မြေရဲစခန်းတို့တွင်လည်းကောင်း အမှုဖွင့်ထားကြောင်း အမ်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ကျိန်စာတိုက်ပွဲပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ၂ ရက်အတွင်း အသိပေးထားကြောင်း၊ ယင်းပြည်နယ် ဝန်ကြီးချုပ်၊ CNPC နှင့် MOGE အမ်းတောင်စောက် စခန်းတို့ကိုလည်း မိတ္တူပေးခဲ့ကြောင်း၊ ငြိမ်းစုစီဥပဒေ၌ ကျိန်စာတိုက်သည့် အသုံးအနှုန်းမပါရှိသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့ ကို ခွင့်ပြုချက်မတင်ခဲ့ကြောင်း အမှုဖွင့်ခံထားရသူ ဦးမျိုးလွင်က ရှင်းပြသည်။ 

မြန်မာ-တရုတ်ပိုက်လိုင်းတစ်လျှောက် စီမံကိန်းတွင် အမ်းမြို့နယ်ရှိ မြေယာများ၊ ဥယျဉ်ခြံမြေများနှင့် အများပိုင်မြေများ ဆုံးရှုံးသဖြင့် လျော်ကြေးငွေများကို ပွင့်လင်းမြင်သာစွာ ပေးလျော်ခြင်းမရှိဟုဆိုကာ တောင်သူများက ဆန္ဒပြတောင်းဆိုသော်လည်း ဆောင်ရွက်ပေးခြင်း မရှိ၍ ကျိန်စာတိုက်ရခြင်းဖြစ်ကြောင်း တောင်သူများက ပြောသည်။ 

အမှုဖွင့်ခံထားရသူ လေးဦးကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး တစ်ဦးလျှင် ကျပ်ငါးသိန်းဖြင့် အာမခံပေးထားကြောင်း အမှုဖွင့်ခံထားရသူများထံမှ သိရသည်။ 

R-22



FOLLOW US