News

POST TAGGED AS

အမှိုက်ချေဖျက်စက်ရုံ

ကျောက်တံခါးရှိ မြေသိမ်းခံတောင်သူများ ဆန္ဒထုတ်ဖော်


တောင်ငူ၊ မေ ၂

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ မြေယာသိမ်းဆည်းခံထားရသည့် တောင်သူ ၁၀၀ နီးပါးက နစ်နာကြေးရယူလိုကြောင်း မေလ ၁ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ဦးဆောင်သူများထံမှ သိရသည်။

ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မဖောက်လုပ်စဉ်ကတည်းက ယခုလက်ရှိ မိုင်တိုင် ၉၅ မှ ၁၀၅ အနီး ဒေသခံကြံစိုက်တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေခဲ့သည့် မြေဧက ၃၀၀၀ နီးပါးခန့်ကို ကုမ္ပဏီကြီးများနှင့် စက်မှု ၁ ဝန်ကြီးဌာနတို့က အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းခဲ့သော်လည်း ယနေ့တိုင် နစ်နာကြေးမရသေးကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့မြေတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သိမ်းဆည်းတာတောင် နစ်နာကြေးရတယ်။ ခုဖြစ်နေတာ ကုမ္ပဏီတွေက နစ်နာကြေးကို တစ်ဧက ၁၀ သိန်းတောင်မပေးချင်ဘူး။ ဒါကြောင့် ဆန္ဒဖော်ထုတ်တာပါ”ဟု အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးညီညီလွင်က ပြောဆိုသည်။

ကျောက်တံခါးမြို့နယ် အနောက်ဘက်ကျေးရွာများမှ ဒေသခံတောင်သူ ၁၃၀ ကျော် ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြသည့် ကြံစိုက်ပျိုးမြေများကို ၂၀၀၁ ခုနှစ်ခန့်က သိမ်းဆည်းခံခဲ့ရပြီး ဆောက်လုပ်ရေးဌာနက နစ်နာကြေးပေးသော်လည်း စက်မှု ၁ ဝန်ကြီးဌာနနှင့် ကုမ္ပဏီကြီးအချို့က နစ်နာကြေးမပေးသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကုမ္ပဏီ ၁၁ ခုနဲ့လုပ်ငန်းရှင်ကိုးဦးက သိမ်းဆည်းခဲ့တာ ခုထိမရသေးဘူး။ မြေပြန်ပေးရင်ပေး၊ မပေးရင် နစ်နာကြေးလိုချင်တယ်”ဟု ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောဆိုသည်။

ဆန္ဒဖော်ထုတ်သူ တောင်သူ ၁၀၀ ခန့်သည် အမြန်လမ်း မိုင်တိုင် ၉၅ မိုင်မှ ၁၀၅ မိုင်အထိ သက်ဆိုင်ရာကုမ္ပဏီများ ရှေ့ထိ ကြွေးကြော်သံများဖြင့် စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကုမ္ပဏီနှင့် လုပ်ငန်းရှင်များမှ လျော်ကြေးပေးအပ်ခြင်း မရှိသောကြောင့် ယခင် အစိုးရလက်ထက်ကတည်းက သက်ဆိုင်ရာဌာနအသီးသီးသို့ အကြိမ်ကြိမ် တင်ပြတိုင်ကြားခဲ့ပြီး တင်ပြချက်များ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် တောင်သူများကို တစ်ဧကလျှင် ကျပ် ၁၅ သိန်း လျော်ကြေးပေးရန် ညွန်ကြားခဲ့သော်လည်း ပေးအပ်ခြင်းမရှိသည့်အတွက် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး မထူးခြားပါက ထွန်တုံးတိုက်ပွဲ ဆင်နွှဲမည်ဟု ဆန္ဒပြသူများက ပြောကြားသည်။ 

R-15




FOLLOW US