News

POST TAGGED AS

အမရပူရမြို့နယ်

အိမ်အကူ မခင်မာမြင့်က မုဒိမ်းမှုဖြင့် တရားစွဲဆိုထားသူ အာမခံလျှောက်ထားမှု ပယ်ချခံရ


ရန်ကုန်၊ ဩဂုတ် ၂၀

ပဲခူးမြို့နယ် တရားရုံးတွင် အိမ်အကူ မခင်မာမြင့်က တရားလိုပြု၍ မုဒိမ်းမှုဖြင့် တရားစွဲဆိုထားသူ အောင်နိုင်ထွန်းဘက်က အာမခံလျှောက်ထားမှုအား ဩဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းက မြို့နယ်တရားသူကြီးက ပယ်ချခဲ့သည်။

“ဒီပုဒ်မက အာမခံပေးလို့ မရတာကြောင့် တရားသူကြီးက အာမခံလျှောက်ထားမှုကို ပယ်ချလိုက်တယ်။ တရားလို အိမ်အကူ မခင်မာမြင့်က သီဟတင်စိုးကို မုဒိမ်းမှုနဲ့ လီဆယ်တိုင်ကြားခဲ့လို့ တရားလိုကနေ တရားခံပြန်ဖြစ်သွားပြီ။ ဒါကြောင့် ကိုယ့်အမှုသည်ကို အချုပ်လွတ်နဲ့ တရားရင်ဆိုင်ခွင့်ရအောင် အာမခံလျှောက်ထားခဲ့တာပါ”ဟု အောင်နိုင်ထွန်း၏ ရှေ့နေဦးမြင့်ဆွေက ပြောသည်။

အဆိုပါ အမှုမှ မုဒိမ်းမှုဖြင့် တရားလိုပြု တိုင်ကြားခဲ့သူ မခင်မာမြင့်မှာ သီဟတင်စိုးကို မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် လီဆယ်အမှုဖွင့် တိုင်ကြားချက်ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၂၁၁ ဖြင့် ၎င်းကို ရဲတပ်ဖွဲ့က ပြန်လည်တရားစွဲဆိုခဲ့ပြီး အိမ်အကူ မခင်မာမြင့်၊ ပွဲစားဒေါ်ညိုနှင့် ထွန်းတောက် အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်မြင့်တို့ သုံးဦးကို အကယ်ဒမီ ဇင်မာဦးက တရားလိုပြု၍ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၉/၁၁၄ ဖြင့် ထပ်မံ တရားစွဲဆိုထားသည်။

ပဲခူးမြို့နယ် တရားရုံးတွင် မုဒိမ်းမှုဖြင့် တရားစွဲဆို စစ်ဆေးခံနေရသူ အသက် ၂၈ နှစ် အောင်နိုင်ထွန်းမှာ ၎င်း၏ အလုပ်ရှင်နေအိမ်တွင် အိမ်အကူလုပ်ရန် ခေါ်ထားသူ အသက် ၄၀ နှစ် မခင်မာမြင့် (ခ) ခင်မာညိုကို မုဒိမ်းကျင့်ခဲ့သည်ဟု တိုင်ကြားခံရမှုဖြင့် ယခုနှစ်မတ်လက ဖမ်းဆီးခံရကြောင်း ၎င်း၏ မိခင်က ပြောသည်။

အဆိုပါ အမှုမှ လိုပြသက်သေဖြစ်သူ မှုခင်းဆရာဝန်ကို စစ်ဆေးခဲ့ရာတွင် မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု ဆေးစစ်ချက်အရ မပေါ်ပေါက်ခဲ့ကြောင်း ရုံးတော်ရှေ့ ထွက်ဆိုထားပြီး ဩဂုတ်လ ၂၀ ရက်နေ့ ရုံးချိန်းက တရားလိုပြသက်သေအဖြစ် အစစ်ဆေးခံရမည့်သူ နှစ်ဦးက အကြောင်းအမျိုးမျိုးကြောင့် ရုံးတော်သို့ မလာရောက်နိုင်သဖြင့် သက်သေစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ပဲခူးမြို့နယ် တရားရုံးထံမှ သိရသည်။

“သမ္မန်စာ ဆင့်ခေါ်ထားတဲ့ လိုပြသက်သေနှစ်ယောက်မှာ ဦးဌေးဝင်းက ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျန်တစ်ယောက်က ဝေါမြို့နယ်ထဲက ရွာတစ်ရွာ ရောက်နေတယ်ဆိုပေမယ့် အခုထိ အဆက်အသွယ်မရလို့ သက်သေစာရင်းကနေ ပယ်လိုက်ပြီ။ ဒီအမှုက တရားလိုအပါအဝင် လိုပြသက်သေတွေ စစ်ဆေးဖို့မရှိတော့တာကြောင့် လာမယ့်ရုံးချိန်းမှာ စွဲချက် တင်မတင် လျှောက်လဲချက်ကြားနာမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်ဆွေက ပြောသည်။

ယင်းအမှုတွင် တရားလို မခင်မာမြင့် (ခ) ခင်မာညို အပါအဝင် လိုပြသက်သေ ၁၄ ဦးအနက် ၉ ဦးသာ စစ်ဆေးနိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လိုပြသက်သေ ဦးဌေးဝင်းမှာ အောင်နိုင်ထွန်းကို မုဒိမ်းမှုဖြင့် တရားမစွဲဆိုခင် အချိန်က ပဲခူးမြို့သို့ လာရောက်ခဲ့သော ခြောက်လှန့်ငွေတောင်းယူသည့် အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း အောင်နိုင်ထွန်း၏ အလုပ်ရှင်ထံမှ သိရသည်။

ထို့ပြင် ထွန်းတောက် အကျိုးဆောင်လုပ်ငန်းရှင် ဦးဌေးဝင်း၏ဇနီး ဒေါ်မြင့်မှာလည်း သီဟတင်စိုး၏ မိသားစုထံတွင် ခြောက်လှန့်ငွေတောင်းယူစဉ်က ပါဝင်ခဲ့ကြောင်း အကယ်ဒမီ ဇင်မာဦး၏ တရားလိုပြု အမှုဖွင့်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03




FOLLOW US