News

POST TAGGED AS

အဓမ္မ

04-Aug-2016

အဓမ္မ
အဓမ္မခိုင်းစေမှု ပပျောက်ရေး နောက်ဆက်တွဲစာချုပ်တွင် မြန်မာ လက်မှတ်ရေးထိုးရန် လွှတ်တော် အတည်ပြု
နေပြည်တော်၊ သြဂုတ် ၃

အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် နောက်ဆက်တွဲ လုပ်ငန်းများဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂၀၃ တွင်  မြန်မာနိုင်ငံ လက်မှတ်ထိုးနိုင်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

သြဂုတ် ၃ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ (၁၉၃၀) ၏ နောက်ဆက်တွဲ စာချုပ်နှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် နောက်ဆက်တွဲ တိုက်တွန်းချက် အမှတ် ၂၀၃ တို့ကို  မြန်မာနိုင်ငံ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်သမ္မတက ပေးပို့ ခဲ့ရာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စကို ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ( ၈) မှ ဦးကျော်ထွေးတို့က အကြံပြု ဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

မြန်မာနိုင်ငံတွင် အဓမ္မ ခိုင်းစေခံရသည့် အမျိုးအစားများမှာ အလုပ်သမား ကလေးသူငယ်၊ လူကုန်ကူးခံရ၍ ခိုင်းစေခံရမှု၊ လိင်လုပ်သား၊ ရေလုပ်သား၊ ပြစ်ဒဏ်ကျခံနေရသူများနှင့် စားသောက်ဆိုင်များမှ ကလေးများဖြစ်ပြီး ၎င်းတို့ကို ကယ်တင်ရန် အစိုးရအနေနှင့် မူဝါဒ ချမှတ်၍ လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း ဒေါ်အေးမြမြမျိုးက ဆိုသည်။

ကမ္ဘာ့လူဦးရေ အားလုံး၏ ၂၁ သန်းခန့်သည်လည်း အဓမ္မ ခိုင်းစေခံနေရပြီး ပြည်တွင်းရှိ အရွယ်မရောက်သေးသည့် ကလေး ၂၁ ရာခိုင်နှုန်းသည် လုပ်ငန်းခွင် ဝင်ရောက်နေရကြောင်းနှင့် အများအားဖြင့် အထည်ချုပ် လုပ်ငန်းများတွင် ဝင်ရောက်နေရကြောင်း ILO က ထုတ်ပြန်ထားသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အာဆီယံ-အိန္ဒိယ ဗဟိုဌာန တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုဆိုင်ရာ စာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပေးပို့ထားသည်။  



FOLLOW US